မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်းကြီး လူးဝစ် ဗန်ဟားလ်က ယူနိုက်တက်အသင်းအနေနဲ့ နည်းပြအပြောင်းအလဲ လုပ်ဆောင်ခြင်းထက် အသင်းရဲ့ လက်ရှိနည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကိုပဲ ပိုပြီး အချိန်ပေးသင့်တယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အသင်းကို (၂)နှစ်တာ ကိုင်တွယ်ပြီး လိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို ရယူပေးခဲ့ကာ (၂)ရာသီဆက်တိုက် ဖလား ယူဆောင်ပေးခဲ့တဲ့ နည်းပြ တန်ဟက်ဂ်ကို လက်ရှိမှာတော့ နည်းပြရာထူးကနေ ထုတ်ပယ်သွားဖို့ နီးစပ်နေတဲ့ အခြေအနေမျိုး ရှိနေသလို ဂါရတ် ဆောက်ဂိတ် ၊ သောမတ်စ် တူဟယ်လ်နဲ့ မော်ရစ်စီယို ပိုချက်တီနိုတို့ကို ပစ်မှတ်ထားနေပါတယ်။

Photo Credit : The Sun

ယူနိုက်တက် ပရိသတ် အများစုကတော့ အသင်းဘက်က ချိန်ရွယ်နေတဲ့ နည်းပြတွေထက် လက်ရှိနည်းပြ တန်ဟက်ဂ်ကိုသာ အသင်းမှာ ဆက်လက် ထားရှိစေချင်နေပေမယ့်လည်း အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်လစ်ဖ်တို့ကတော့ တန်ဟက်ဂ်ကို ဆက်ထားဖို့ထက် အသင်းအနာဂတ်အတွက် သူတို့နဲ့ ရေရှည် လက်တွဲနိုင်မယ့် နည်းပြတစ်ဦးကိုသာ ပိုမို အလိုရှိနေပါတယ်။

လတ်တလောမှာတော့ ဆောက်ဂိတ် ၊ တူဟယ်လ်နဲ့ ပိုချက်တီနိုတို့ထဲ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ယူနိုက်တက်နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် ဆောက်ဂိတ်ကတော့ ယူရို-၂၀၂၄ပြိုင်ပွဲအတွက်ကိုသာ အာရုံစိုက်လို့နေပြီး ဒီပြိုင်ပွဲ ပြီးဆုံးသွားမှာ သူ့အနာဂတ်အတွက် ဆုံးဖြတ်ချက် ချမှတ်ဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေမျိုးမှာ နည်းပြဟောင်းကြီး ဗန်ဟားလ်က “အဲရစ်ကို သေချာပေါက် အချိန်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော့်တုန်းကလည်း အချိန်ထပ်ပေးသင့်ခဲ့ပါသေးတယ်။ ကျွန်တော်လည်း အဲရစ်လိုပဲ အက်ဖ်အေဖလားကို ရယူပေးခဲ့တာပဲလေ။ ကျွန်တော် မတိုင်ခင်ကဆို ဒီအသင်းက အက်ဖ်အေဖလားကို မရခဲ့တာ အနှစ်(၂၀)လောက်တောင် ရှိနေပြီ။ အဲ့ဒီတော့ ကျွန်တော်လည်း အချိန် ပိုပြီး လိုအပ်ခဲ့တယ်။”

“အဲရစ်လည်း အက်ဖ်အေဖလား ရယူပေးခဲ့တယ်။ ပထမဆုံး သူ ကိုင်တွယ်တဲ့ နှစ်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့တယ်။ ဒါတွေကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ မသင့်သေးဘူးလို့ ကျွန်တော် ထင်မိတယ်။ သူ့ကို အချိန် ဆက်ပေးရပါမယ်။ သူက ဒီအသင်းမှာ အရမ်းကြီး ကောင်းမွန်အောင် မလုပ်နိုင်သေးလို့ ဒီအတွက် ဝေဖန်ကြနိုင်ပေမယ့်လည်း သူက နည်းပြကောင်းတစ်ဦး ဖြစ်တယ်ဆိုတာကိုလည်း ပြသထားနိုင်တာတွေ ရှိနေပါသေးတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။