ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းထံ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ မှာ ပြောင်းရွှေ့လာခဲ့တဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ကတော့ ပရီးမီးယားလိဂ်မှာ အံဝင်စေဖို့ အတွက် သူ့ရဲ့ ကြံ့ခိုင်မှုကို အလေးထား ပြင်ဆင်နေကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၃နှစ် အရွယ် နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ အေဂျက်အသင်း ကနေ မန်ယူအသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ယူအသင်းနဲ့ ပွဲဦးထွက်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် သူ့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ဂိုးကိုတော့ အဆိုပါပွဲစဉ်မှာပဲ ရရှိခဲ့ပါတယ်။

Photo Credit: Opera News

ဗန်ဒီဘိခ်ဟာ အဖွင့်ပွဲစဉ်မှာပဲ အသင်းသစ်နဲ့အတူ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပေမယ့် ထပ်မံ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခဲ့ ရပါတယ်။ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနရဲ့ အဆိုအရ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ရလဒ်ဆိုးတွေ ကြုံတွေ့ နေရတာကြောင့် ဗန်ဒီဘိခ်အပေါ် ဖိအားတွေ ရောက်ရှိသွားမှာကို မလိုလားပဲ အသင်းအနေနဲ့ ရလဒ်တွေ ပြန်လည် တည်ငြိမ်သွားမှသာ ဗန်ဒီဘိခ်ကို အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်း အသုံးပြုသွားမယ် လို့ သိရပါတယ်။ ဗန်ဒီဘိခ်ကလည်း ဆိုးလ်ရှားရဲ့ အစီအမံတွေကို နားလည် သဘောပေါက်ပြီး ကစားခွင့် ရရှိတဲ့ အချိန်တိုင်းမှာ အသင်းအတွက် အကောင်းဆုံး ပေးဆပ်ကစားဖို့ ဆုံးဖြတ်ထားကြောင်း မန်ယူအသင်းရဲ့ ဝန်ထမ်း တချို့က အင်္ဂလန်သတင်းမီဒီယာ တစ်ခုကို ထုတ်ဖော် ပြောကြားထားပါတယ်။

Photo Credit: Opera News

မန်ချက်စတာ ညနေခင်း သတင်းဌာန ကတော့ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မန်ယူအသင်းရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ အထူး ကြံ့ခိုင်မှု လေ့ကျင့်ရေး အစီအစဉ်တစ်ခုကို ပြုလုပ်ကာ စဉ်ဆက်မပြတ် လေ့ကျင့်နေပြီး ပရီးမီးယားလိဂ်နဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ကြွက်သားတည်ဆောက်မှု အပိုင်းကို လေ့ကျင့်နေတာ ဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။ ဒါ့အပြင် ဗန်ဒီဘိခ်ဟာ မန်ယူအသင်း အတွက် ကစားပေးရမယ့် ပွဲစဉ်တချို့မှာ ဘယ်တောင်ပံ ကစားသမား အဖြစ် ကစားပေးရဖွယ် ရှိပြီး အဆိုပါ နေရာမှာ ကစားနိုင်ဖို့ အတွက်လည်း သီးသန့် လေ့ကျင့်ခန်းတွေ ပြုလုပ်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာန က ထပ်လောင်း ဖော်ပြသွားခဲ့ပါတယ်။