ယခုတပတ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲ ဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲမှာတော့ အိမ်ရှင် လီဗာပူးက အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာရဲ့ တလုံးထဲသော အနိုင်ဂိုးနဲ့အတူ ခြေစွာနေတဲ့ မန်ချက်စတာ စီးတီးကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ကာ မန်ချက်စတာ စီးတီးရဲ့ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းကို ရိုက်ချိုးပြသွားခဲ့ပါတယ်။

လီဗာပူးရဲ့ နာမည်ကျော် အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့သလို နှစ်သင်းစလုံးက ဂိုးသွင်းခွင့်တွေ အမြောက်အမြားလည်း ရရှိခဲ့ပြီး နှစ်ဖက်ဂိုးသမားတွေ ဖြစ်ကြတဲ့ အယ်လီဆန်နဲ့ အီဒါဆန်တို့ နှစ်ဦးစလုံး လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့်သာ ယခုလိုမျိုး သွင်းဂိုးနည်းတဲ့ ပွဲတပွဲ ဖြစ်ခဲ့တာပါ။

Photo Credit: All Football

လီဗာပူး ၁-၀ မန်ချက်စတာ စီးတီးပွဲမှာ ပွဲရဲ့ အလှည့်အပြောင်းကို ဖြစ်စေနိုင်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကစားသမားက လီဗာပူး ဗဟိုနောက်ခံလူ ဗာဂျယ် ဗန်ဒိုက် ဖြစ်ပြီး ဗန်ဒိုက်က ဒီရာသီမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေခဲ့ပေမယ့် ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပွဲမှာတော့ သူဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ အဖြစ် ရှိနေဆဲပါ ဆိုတာကို မန်ချက်စတာ စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းအား အကောင်းဆုံး ထိန်းချုပ်ပြရင်း သက်သေပြသွားခဲ့ပါတယ်။

ဗန်ဒိုက်က မန်ချက်စတာ စီးတီးနဲ့ပွဲမှာ ဒီရာသီ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြသသွားနိုင်ခဲ့ပြီး တပွဲလုံးမှာ ဘောလုံးထိချက် ၆၁ချက် အထိ ရှိခဲ့သလို ဘောလုံးပိတ်ဆို့မှု ၁ကြိမ် ၊ ရှင်းထုတ်မှု ၇ကြိမ် ၊ ခေါင်းတိုက်ရှင်းထုတ်မှု ၃ကြိမ် ၊ ကြားဖြတ် လုယူမှု ၁ကြိမ် ၊ ဘောလုံးဆယ်ယူမှု ၄ကြိမ် အထိ လုပ်ဆောင်နိုင်ခဲ့သလို မန်ချက်စတာ စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကိုလည်း အကောင်းဆုံး လူကပ် ကစားပြသွားခဲ့ပါတယ်။

Photo Credit: All Football

မန်ချက်စတာ စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းက ယခုနှစ် ဘောလုံးရာသီမှာ ပွဲတိုင်းလိုလို သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ ရယူနိုင်နေပေမယ့် လီဗာပူးနဲ့ ပွဲမှာတော့ ဗန်ဒိုက်ကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပဲ တပွဲလုံးမှာ ဘောလုံးထိချက် ၃၉ချက်သာ ရှိခဲ့သလို မြေပြင်ဘောလုံးယှဉ်လုမှု ၇ကြိမ် ရှိခဲ့ရာမှာ ၁ကြိမ်မှ မအောင်မြင်ခဲ့သလို ရရှိလာတဲ့ အပိုင်ဂိုးသွင်းခွင့် ၁ကြိမ်ကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။

အထူးသဖြင့် အာလင်း ဟာလန်းက ဗန်ဒိုက်ရဲ့ လူကပ် ကစားမှုကနေ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပဲ ဗန်ဒိုက်ကတော့ ဟာလန်းနဲ့ ရင်ဆိုင် ကစားရင် ဘယ်လို ကစားရမလဲ ဆိုတာကို ပရီးမီးယားလိဂ် ဗဟိုခံစစ်မှူးတွေအား သင်ကြား ပြသပေးနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။