ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် အေဂျက်နဲ့ ပွဲစဉ်မှာ အနိုင်ရလဒ် ရအောင် ကြိုးစား ကစားပြီး အဝေးကွင်း ကစားတိုင်း ရလဒ်ဆိုးနေမှုတွေကို ချေဖျက်ပစ်ဖို့ အသင်းဖော်တွေအား တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလား ၂ခုစလုံးကို သိမ်းပိုက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ၂ခုစလုံးမှာ ဒုတိယနေရာတွေ ရခဲ့တဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာတော့ အဝေးကွင်းပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံမှာ အဝေးကွင်းပွဲ ၇ပွဲ ကစားထားရာ ၁ပွဲသာ အနိုင်ရရှိခဲ့ကာ ၂ပွဲသရေ ၄ပွဲရှုံး ဆိုတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Euro Sports

လီဗာပူးက ယနေ့ညမှာတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၅) အဖြစ် နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး အဆိုပါပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲတပွဲ ဖြစ်ကာ အေဂျက်က လီဗာပူးကို အနိုင်ရခဲ့ရင် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မယ့် မျှော်လင့်ချက် ပြန်လည် ရှင်သန်လာမှာ ဖြစ်သလို လီဗာပူးကလည်း အေဂျက်ကိုသာ အနိုင်ရခဲ့ရင် ရှုံးထွက်အဆင့်ဆီ တခါထဲ တက်လှမ်းသွားနိုင်မှာပါ။

ဒါကြောင့်ပဲ အေဂျက်နဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်က ပရိသတ်တွေ စောင့်ကြည့်သင့်တဲ့ ပွဲတပွဲ ဖြစ်ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကတော့ အဝေးကွင်း ရလဒ်တွေ ဆိုးနေတဲ့ လီဗာပူးအနေနဲ့ အေဂျက်ကွင်းမှာ ရလဒ်ကောင်း ရဖို့ မလွယ်ကူနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

Photo Credit: Euro Sports

လီဗာပူးရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဗာဂျယ် ဗန်ဒိုက်ကလည်း သူတို့အသင်းဟာ ဒီရာသီမှာ အဝေးကွင်းပွဲတွေ ကစားတိုင်း ရလဒ်ကောင်းတွေ ရဖို့ ရုန်းကန်နေရကြောင်း ဝန်ခံခဲ့ပေမယ့် အေဂျက်နဲ့ပွဲမှာတော့ သူတို့အသင်းရဲ့ ခြေစွမ်းအမှန်ကို ပြသပြီး အေဂျက်ကို အနိုင်ယူကာ အဝေးကွင်း ရလဒ်ဆိုးတွေကို ချေဖျက်မယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဗန်ဒိုက်က – “အဝေးကွင်းမှာ ရလဒ်တွေ ဆိုးနေတဲ့ အချက်ကို ကျွန်တော်တို့ မကြိုက်ပါဘူး။ ကျွန်တော်တို့အသင်းက အဲ့ဒီအချက်ကို ပြင်ဆင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီနေ့ညမှာတော့ ကျွန်တော်တို့က ကိုယ့်ရဲ့ အကောင်းဆုံးပုံစံနဲ့ အကောင်းဆုံး ကစားဟန်ကို ပြသသွားပါမယ်။ ကျွန်တော်တို့ ကစားရတဲ့ ပွဲတိုင်းဟာ အိမ်ကွင်းဖြစ်ဖြစ် ၊ အဝေးကွင်းဖြစ်ဖြစ် ခက်ခဲတဲ့ ပွဲတွေချည်းပါပဲ။ ဥပမာပြောရရင် နော်တင်ဟမ်နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ နော်တင်ဟမ်က ခံစစ်ကို အလွန်အကျွံ အားပြု ကစားခဲ့ပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့က ကိုယ်ကစားချင်တဲ့ အတိုင်း ကစားဖို့ ခက်ခဲခဲ့ပါတယ်။ အဲ့ဒီလို ပွဲမျိုးမှာ ဆိုရင် ကျွန်တော်တို့က စိတ်ရှည်ရမယ်။ ပြီးတော့ ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ရပါမယ်။ ပွဲတိုင်းက ကွဲပြားပါတယ်။ ကျွန်တော်တို့က ရလဒ်တွေ တိုးတက်လာအောင် ကြိုးစားနေပါပြီ။ အထူးသဖြင့် အဝေးကွင်းရလဒ်တွေပေါ့။ ကျွန်တော်တို့က လီဗာပူးပါ။ ကျွန်တော်တို့က ကမ္ဘာပေါ်မှာ အကြီးမားဆုံး အသင်းတွေထဲက တသင်းပါ။ အေဂျက်ကလည်း ကျွန်တော်တို့လို အသင်းကြီး တသင်းပါပဲ။ သူတို့မှာ ကြီးကျယ်တဲ့ သမိုင်းကြောင်းတွေ ရှိသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေလည်း ရယူတတ်လေ့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့အသင်း အတွက် အကောင်းဆုံး ပြင်ဆင်ထားပြီးပါပြီ။ ကျွန်တော်တို့က သူတို့နဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အသင်းသားတွေကို ပြောချင်တာကတော့ ကျွန်တော်တို့အသင်းဟာ ဘယ်လိုအသင်းလဲ ၊ ကျွန်တော်တို့က ဘယ်လို ကစားသမားတွေလဲ ဆိုတာကို မမေ့ကြဖို့ပါပဲ။ ကျွန်တော်တို့က ယုံကြည်မှု အပြည့်နဲ့ ရလဒ်ကောင်း ရအောင် ကြိုးစားဖို့ အဆင်သင့်ပါပဲ” လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။