လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာသွားရပြီ ဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ title race ထဲမှာ ရှိနေသေးတဲ့အတွက် ပရီးမီးယားလိဂ်ကို အပြည့်အဝ အာရုံစိုက်သွားရမယ်လို့ နောက်ခံလူ ဗန်ဒိုက်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းက ဒီရာသီမှာ ခါရာဘောင် လိဂ်ဖလားကို သိမ်းပိုက်ခဲ့ပြီးနောက် အသင်းနည်းပြကြီး ယာဂန် ကလော့ပ်ရဲ့ နောက်ဆုံးရာသီထဲ ဆုဖလား (၄)ခုလုံး ရယူသွားဖို့ ရှိနိုင်တယ်လို့ ထင်ခဲ့ရပေမယ့်လည်း အက်ဖ်အေဖလားမှာရော ယူရိုပါလိဂ်မှာပါ ကွာတားဖိုင်နယ်တွေနဲ့ လှည့်ပြန်ခဲ့ရပါတယ်။

Photo Credit : Metro

အက်ဖ်အေဖလားမှာ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အချိန်ပိုမှာ ရှုံးနိမ့်ရင်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ယူရိုပါလိဂ်မှာတော့ အိမ်ကွင်းပွဲစဉ်ထဲ အတ္တလန်တာကို ဂိုးပြတ်ရှုံးခဲ့ပြီး ဒုကျော့မှာပါ ပြန်မလာနိုင်တော့တာကြောင့် ဆုဖလား (၂)ခုနဲ့ လက်လွတ်ခဲ့ရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာကတော့ title race ထဲ ရှိနေပေမယ့်လည်း လက်ကျန်ပွဲတွေထဲ တစ်ပွဲမှ အမှားခံလို့ မရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေရပြီး လက်ကျန်ပွဲတိုင်း အနိုင်ရဖို့ပါ လိုအပ်နေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဗန်ဒိုက်က “ကျွန်တော်တို့အနေနဲ့ ဒီအခြေအနေကနေ အမြန်ဆုံး အလှည့်အပြောင်း လုပ်နိုင်ရပါမယ်။”

Photo Credit : This is Anfield

“ကျွန်တော်တို့ လုပ်ဆောင်ရမှာက ရှုံးနိမ့်မှုကနေ ပြန်ထလာနိုင်ဖို့ပါပဲ။ ကျွန်တော်တို့တွေက ခက်ခဲတဲ့ အခိုက်အတန့်တွေကိုလည်း အတူတူ ဖြတ်သန်းခဲ့ဖူးပါတယ်။ ရင့်ကျက်မှုကို ပြသခြင်း ၊ အတူတကွ စည်းလုံးခြင်းကို ပြသခြင်းက အဓိက သော့ချက်ပါပဲ။ စနေပွဲက ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လိမ့်မယ်မှာ ဆိုပေမယ့် အဲ့ဒီပွဲအတွက် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ပါမယ်။”

“ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ အဆင်သင့်ဖြစ်နေဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ တကယ်အနိုင်ရချင်တဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကို စိတ်ပျက်ရပေမယ့်လည်း ကျွန်တော်တို့က နိုင်ပွဲလည်း ရခဲ့တယ် ၊ ဂိုးလည်းမပေးခဲ့ရဘူးဆိုတော့ ဒီပွဲကနေ အပေါင်းရလဒ်တွေ များစွာ ရရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့အားလုံး အမှတ်ပေးလိဂ်အတွက် နောက်ဆုံးတွန်းအားကို လုပ်ဆောင်ဖို့ လိုအပ်ပါမယ်။ ဘာမဆို ဖြစ်နိုင်သေးတဲ့ အခြေအနေမျိုးမှာ ပရိသတ်တွေရဲ့အားကိုလည်း လိုအပ်နေပါသေးတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။