လက်ရှိ ဘောလုံးလောကအတွင်းမှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက်လို့ သတ်မှတ်ခံထားရလို့ ပြီးခဲ့တဲ့နှစ်တုန်းကပဲ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု(ဘလွန်းဒီအော)ဆုပေးပွဲမှာလည်း ဒုတိယနေရာကို ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့နောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်ကတော့ မနေ့ညက အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ သူရဲ့အမှားတစ်ခုကနေ အာဆင်နယ်ကို ချေပဂိုးပြန်ပေးလိုက်ရသလို ဂိုးသမားအယ်လီဆန်ရဲ့အမှားကြောင့်ပါ အာဆင်နယ်အတွက် အနိုင်ဂိုးကိုပါ ခွင့်ပြုပေးလိုက်ရပါတယ်။

Photo Credit : AIKheleej Today

အသင်းခေါင်းဆောင် ဟန်ဒါဆန် ဒဏ်ရာရရှိနေတာကြောင့် အသင်းခေါင်းဆောင်တာဝန်ကို လွဲပြောင်းရယူထားခဲ့တဲ့ ဗဟိုနောက်ခံကစားသမား ဗန်ဒိုက်ဟာ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ အာဆင်နယ်ကစားသမား ရီးစ်နယ်ဆင်ရဲ့ဖိအားပေးမှုကြောင့် ဘောလုံးကို နောက်ဆီပြန်ချပေးခဲ့ရာ လူပေးမှားယွင်းသွားခဲ့ပြီး လာကာဇက်ဆီ ဘောလုံးရောက်သွားတာကြောင့် လာကာဇက်က ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့သလို ဂိုးသမားအယ်လီဆန်ကလည်း အမှားတချက် ကျူးလွန်မိခဲ့ရာကနေ နယ်ဆင်က အာဆင်နယ်အတွက် အနိုင်ဂိုးကိုပါ ဆက်တိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : News98

ဗန်ဒိုက်ဟာ ပွဲတော်တော်များများမှာ ဒီလိုအသင်းအတွက် ပေးဆပ်မှုကြီးမားစေနိုင်တဲ့ အမှားမျိုးတွေ ကျူးလွန်တတ်လေ့မရှိပေမယ့် အခုပွဲမှာတော့ သူရဲ့ပေါ့ဆမှုကြောင့် မာနေးရဲ့ဦးဆောင်ဂိုးကို ပြန်လည်ချေပခွင့် ပေးခဲ့ရသလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားလို့ သတ်မှတ်ခံနေရတဲ့ အယ်လီဆန်မှာလည်း သူရဲ့ဘောလုံးပေးပို့ပုံ အမှားအယွင်းကနေတစ်ဆင့် လာကာဇက် ဘောလုံးရသွားခဲ့လို့ နယ်ဆင်ဆီ ချပေးခဲ့ရာ နယ်ဆင်က ပိတ်သွင်းနိုင်ခဲ့ပါတယ်။ အသင်းရဲ့စျေးအကြီးမားဆုံး ကစားသမား(၂)ယောက်ရဲ့အမှားတွေကြောင့် အခုလို အာဆင်နယ်ကို အရေးနိမ့်ခဲ့ရတဲ့အပေါ် လီဗာပူးလ်ပရိသတ်တွေက စိတ်ဆိုးဒေါသထွက်နေကြပြီး ဒီရှံးပွဲကြောင့် လီဗာပူးလ်ဟာ မန်စီးတီးရဲ့ အမှတ်တစ်ရာပြည့် စံချိန်ကို လိုက်မီနိုင်တော့မှာလည်း မဟုတ်ပါဘူး။ ဒါ့အပြင် ရှံးပွဲနဲ့ပတ်သက်ပြီး ဘောလုံးပရိသတ်တွေကလည်း အာဆင်နယ်ရဲ့အမ်းမရိတ်ဒ်ကွင်းမှာ ဗန်ဒိုက်က ဒေးဗစ်လူးဝစ်ဇ် ဖြစ်သွားခဲ့တယ်လို့ တွစ်တာပေါ်မှာ လှောင်ပြောင်ခံနေရသလို ဗန်ဒိုက်က သူ့အမှားကို မဝန်ခံချင်လို့ နယ်ဆင်က သူ့ကိုကစားပုံကြမ်းခဲ့တယ်ဆိုပြီး ဒိုင်လူကြီးကိုပါ စောဒကတတ်ခဲ့သေးတယ်လို့ ဝေဖန်ပြစ်တင်လာခဲ့ပါတယ်။