ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဗာဂျယ် ဗန်ဒိုက်က အသင်းရဲ့ သက်တော်ရှည် နည်းပြကြီး ယာဂင် ကလော့ပ်ရဲ့ နေရာကို အစားဝင်လာတဲ့ နည်းပြသစ် အာနီ ဆလော့ပ်ဟာ နည်းပြကောင်း တဦး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဂျာမန်ထိပ်သီးနည်းပြ ယာဂင် ကလော့ပ်က ၂၀၁၅ခုနှစ်မှာ ဒေါ့မွန်ကနေ လီဗာပူးထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ကလော့ပ် ရောက်ရှိလာချိန်မှာ လီဗာပူးဟာ ဥရောပဝင်ခွင့်ကိုသာ မျှော်မှန်းနိုင်တဲ့ အနေအထားမျိုးမှာသာ ရှိနေခဲ့ပေမယ့် ကလော့ပ်က ၉နှစ်တာ ကာလအတွင်းမှာ လီဗာပူးကို ဥရောပရဲ့ အင်အားကြီးအသင်း တသင်း ပြန်ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

၉နှစ်တာ ကာလအတွင်းမှာ ကလော့ပ်က လီဗာပူးအတွက် ချန်ပီယံလိဂ်ဖလား ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကာရာဘောင်းဖလား ၂ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ် စုစုပေါင်း ဆုဖလား ၈ကြိမ် အထိ ရယူပေးနိုင်ခဲ့ပြီး လာမယ့် ဘောလုံးရာသီမှာတော့ လီဗာပူးဟာ ကလော့ပ်ခေတ်လွန် ပထမဦးဆုံး ဘောလုံးရာသီကို ဖြတ်သန်းရတော့မှာပါ။

လီဗာပူးက ကလော့ပ်ရဲ့ ဆက်ခံသူ အဖြစ် ဖီယင်နုနည်းပြချုပ် အာနီ ဆလော့တ်ကို ရွေးချယ်ခဲ့ပြီး အသက် ၄၅နှစ် အရွယ် နယ်သာလန်နည်းပြ အာနီ ဆလော့တ်က အေဇက် အယ်လ်ခမာနဲ့ ဖီယင်နုတို့လို နာမည်ကြီး နယ်သာလန်ကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးကာ သူဟာ ဖီယင်နုကို ၃နှစ်ကြာ ကိုင်တွယ်ခဲ့ရာမှာ နယ်သာလန်လိဂ်ဖလား ၁ကြိမ်နဲ့ နယ်သာလန် ရှုံးထွက်ဖလား ၁ကြိမ်တို့ကို ရယူပေးထားနိုင်ပါတယ်။

Photo Credit: Tribuna

အာနီ ဆလော့တ်က ကလော့ပ်လိုမျိုးပဲ မြန်နှုန်းမြင့် တိုက်စစ်ကစားဟန်ကို အသုံးပြုလေ့ ရှိတဲ့ နည်းပြ တဦး ဖြစ်ပြီး သူနဲ့ ကလော့ပ်ရဲ့ အတွေးအခေါ် ၊ ကစားဟန်ချင်း ဆင်တူမှုကြောင့်ပဲ လီဗာပူးက သူ့ကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ခဲ့တာ ဖြစ်ပေမယ့် လီဗာပူးရဲ့ အမာခံ ပရိသတ် တချို့ကတော့ ဆလော့တ်ကို ခေါ်ယူခဲ့မှုအပေါ် အခုချိန်အထိ ဘဝင်မကျသေးပါဘူး။

လီဗာပူးရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ ဆလော့တ်နဲ့လည်း တနိုင်ငံထဲသား ဖြစ်တဲ့ ဗန်ဒိုက်ကတော့ ဆလော့တ်ဟာ နည်းပြကောင်း တဦး ဖြစ်ကြောင်း ထောက်ခံသွားခဲ့ပြီး သူတို့တသင်းလုံးက လာမယ့်ရာသီမှာ ဆုဖလားတွေ ရအောင် အစွမ်းကုန် ကြိုးစားမယ်လို့ ပရိသတ်တွေကို ကတိပေးလာခဲ့ပါတယ်။ ဗန်ဒိုက်က – “ကျွန်တော်တို့က အကူးအပြောင်းကာလကို ရောက်နေတဲ့ အတွက် ဆုဖလားတွေ ကျိန်းသေပေါက် ရမယ်လို့တော့ အာမခံလို့ မရပါဘူး။ ဒါက သိသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆုဖလားတွေကို သိမ်းပိုက်နိုင်အောင် ရေကုန်ရေခမ်း ကြိုးစားသွားပါမယ်။ နည်းပြကောင်း တယောက်ကလည်း ကျွန်တော်တို့ဆီ လာနေပါပြီ။ သူနဲ့အတူ တကယ်တော်တဲ့ နည်းပြအဖွဲ့လည်း ပါလာပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။