၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဗာဂျယ် ဗန်ဒိုက်က သူ့ရဲ့ နိုင်ငံအသင်းဖော် တဦး ဖြစ်သူ ဂတ်ပိုအား အကယ်၍ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ရခဲ့ရင် ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ဖို့ အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန်နဲ့ ပီအက်စ်ဗွီ ကြယ်ပွင့် ဂတ်ပိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ပီအက်စ်ဗွီနဲ့အတူ စတင် တောက်ပလာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူဟာ ပီအက်စ်ဗွီ အတွက် ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၂၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါ့အပြင် ဂတ်ပိုက သူ့ရဲ့ အရည်အသွေးတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆက်လက် ပြသနေပြီး သူက နယ်သာလန် အတွက် ၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးသွင်းဘုရင်ဆုကို ရရှိဖို့ အခြေအနေ ကောင်းနေပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စပိန် အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်တို့က ဂတ်ပိုကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ဂတ်ပိုရဲ့ နိုင်ငံအသင်းဖော် ဗန်ဒိုက်ကတော့ ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာ ယူနိုက်တက်ထက် ပိုကောင်းတဲ့ အသင်းဖြစ်ကြောင်း ပြောကြားရင်း ဂတ်ပိုဟာ ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းသင့်ကြောင်း သွယ်ဝိုက်ကာ အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Goal

ဗန်ဒိုက်က – “ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့က တူညီတဲ့ အဆင့်အတန်းမျိုးမှာ ရှိတဲ့ အသင်းတွေလို့ မထင်ပါဘူး။ (ရီးရဲလ်မက်ဒရစ်က မန်ချက်စတာ ယူနိုက်တက်ထက် ပိုကောင်းကြောင်း ဆိုလိုလျက်) ဒါက ကျွန်တော်ဟာ လေးစားမှု မရှိလို့ ပြောတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဂတ်ပိုဟာ ပိုကောင်းတဲ့ အသင်းကိုပဲ သူ့ရဲ့ ကစားသမား ဘဝ အတွက် ရွေးသင့်တယ်လို့ မြင်ပါတယ်။ သူ့ရဲ့ ခြေစွမ်းကလည်း ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ လုံလောက်နေပါပြီ” လို့ ဂတ်ပိုအား တိုက်တွန်း အကြံပေးသွားခဲ့တာပါ။