လီဗာပူးလ်အသင်းရဲ့ ဝါရင့် နောက်ခံကစားသမားကြီး ဗာဂျယ်လ် ဗန်ဒိုက်က လက်ရှိမှာ သူရဲ့စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု လုပ်ဆောင်နေပြီ ဖြစ်ပေမယ့်လည်း သူ့အနာဂတ် အခြေအနေကိုတော့ သေသေချာချာ မသိရှိရသေးဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်ကစားသမားကြီး ဗန်ဒိုက်ဟာ ၂၀၁၈ခုနှစ်ကတည်းက ဆောက်သမ်တန်ကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပြီးတော့ ချက်ချင်းဆိုသလိုပဲ လီဗာပူးလ်ရဲ့ အမာခံ ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို လီဗာပူးလ်အတွက် ခံစစ် jigsaw တစ်ခုကိုလည်း အကောင်းဆုံး ဖြည့်တင်းပေးနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

လက်ရှိလည်း လီဗာပူးလ်ရဲ့ အသင်းခေါင်းဆောင်ပါ ဖြစ်နေရတဲ့ ဗန်ဒိုက်ဟာ အခု ဘောလုံးရာသီအကုန်မှာတော့ သူနဲ့ လီဗာပူးလ်တို့ကြားက ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ သူ့အနာဂတ်ဟာလည်း အတော်လေး လှုပ်ခတ်လာခဲ့ရပါတယ်။ ဒီအခြေအနေမှာ ဗန်ဒိုက်က “စာချုပ်ကိစ္စအတွက် ဆွေးနွေးမှုတွေ ဆက်လုပ်နေတယ်ဆိုတာကို ရှင်းရှင်းလင်း ပြောပြနိုင်ပေမယ့်”

“အနာဂတ်မှာ ဘာတွေ ဖြစ်မလာလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မယ်။ အခုကတော့ အသင်းအတွက်ကိုပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ အသင်းနဲ့အတူ နိုင်ပွဲတွေ ရယူသွားချင်တယ်။ ဒါပဲ ကျွန်တော့်ခေါင်းထဲမှာ ရှိနေပါတယ်။ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ အခုအချိန်မှာ မသိသေးပါဘူး။”

Photo Credit : beIN SPORTS

“ဒီအချိန်မှာ ဆွေးနွေးမှုတွေ စတင်နေပြီ ဆိုတာကိုပဲ ကျွန်တော် ပြောပြနိုင်ပါတယ်။ ကျွန်တော် အခု စိတ်ပိုင်းရော ရုပ်ပိုင်းပါ ခံစားချက်တွေ ကောင်းမွန်နေတယ်။ ပျော်ရွှင်နေရတယ်။ စာချုပ်ကိစ္စအတွက် မှန်ကန်တဲ့ လူတွေနဲ့ အလုပ်လုပ်ဆောင်နေပြီး ဘယ်အချိန်မှာ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်မလဲ ဆိုတာကို အချိန်တန်ရင် အသိပေးပါမယ်။ အခုကတော့ ဒီရာသီမှာ အောင်ြ်မင်မှု ရယူနိုင်ဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဗန်ဒိုက်နည်းတူ ညာနောက်ခံကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးနဲ့ တိုက်စစ်ကစားသမား မိုဟာမက် ဆာလာတို့ကလည်း ဒီရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းတွေ အသီးသီး ကုန်ဆုံးကြတော့မှာဖြစ်လို့ အသင်းဘက်က စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ရှိနေသလို အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေကလည်း အတော်လေး ထွက်ပေါ်နေပါတယ်။