MySport Myanmar

အမှတ်ပေး ချန်ပီယံဆုအတွက် မျှော်လင့်ချက် ရှိနေသေးတယ်လို့ ဗန်ဒိုက် ကြုံးဝါး

လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်က လက်ရှိမှာ သူတို့အသင်းအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်(၁၅)မှတ်အထိ ကွာဟလွန်းနေပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု မျှော်လင့်ချက်ကတော့ ရှင်သန်နေဆဲပဲလို့ ကြုံးဝါး ပြောကြားလာခဲ့ပါတယ်။

Photo Credit : Independent

လီဗာပူးလ်အသင်းက ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ကလပ်အသင်းပွဲတွေ ပြန်လည် ယှဉ်ပြိုင်ချိန်မှာ လိဂ်ဖလားပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာတော့ အက်စတွန်ဗီလာ လက်စတာတို့ကို ဆက်တိုက် အနိုင်ယူခဲ့ပြီး လက်ရှိမှာလည်း အဆင့်(၆)နေရာနဲ့ ရပ်တည်လို့နေပါတယ်။ လီဗာပူးလ်အသင်း နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က သူတိုရဲ့ ဒီရာသီ အဓိက ရည်မှန်းချက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်လို့ ပြောဆိုထားခဲ့ပေမယ့် နောက်ခံလူ ဗန်ဒိုက်ကတော့ Top 4 မျှော်လင့်ချက်သာမကပဲ အမှတ်ပေးချန်ပီယံဆု မျှော်လင့်ချက်ပါ ရှိနေသေးတယ်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Mirror

“ကျွန်တော်မှာ ဆင်ခြင် သုံးသပ်ဖို့ အချိန်ရှိခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ကမ္ဘာ့ဖလလားရဲ့ အဆုံးသတ်မှာတော့ ကျွန်တော်တို့အတွက် စိတ်ပျက်စရာတွေ ဖြစ်ခဲ့တယ်။ ဒါက ဘောလုံးလောကရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ကမ္ဘာ့ဖလား ရှုံးပွဲကြောင့် ကျွန်တော် နှစ်ရက်ကြာလောက် ခက်ခဲခဲ့ရပေမယ့် အဲ့ဒီအရှုံးကနေပဲ ဘဝမှာ အရေးကြီးတဲ့ အကြောင်းအရာတွေကို ပြန်လည် အာရုံစိုက်ဖို့ ဖြစ်လာခဲ့ရတယ်။ နယ်သာလန်အသင်းနဲ့ အောင်မြင်မှု ရယူချင်တဲ့ စိတ်က အခု ဒီနေရာမှာပါ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ အခု ကျွန်တော်တို့က အာဆင်နယ်အသင်းရဲ့နောက် အမှတ်အတန်အသင့် ကွာဟနေပေမယ့် ဒီနှစ်ဘောလုံးရာသီက အလွန် ထူးခြားပြီး ရူးသွပ်စရာကောင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ လက်တွေ့ကျဖို့ လိုအပ်ပြီး လောလောဆယ်မှာတော့ ဆုဖလားအကြောင်း တွေးထားလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ ရှေ့ဆက် ကစားသွားရမယ့် ပွဲတွေကို အာရုံစိုက်ရမယ်။ ပွဲတွေကိုလည်း အနိုင်ရရမယ်။ ဒီအတွက် ကျွန်တော် အမြဲ စိတ်အားထက်သန်နေတယ်။ အမြဲ အနိုင်ရချင်တယ်။ ပွဲတိုင်း အနိုင်ရဖို့အတွက်လည်း အသင်းအပေါ် အကုန်လုံး ပေးဆပ်သွားချင်ပါတယ်” လို့ ဗန်ဒိုက်က ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version