ယခုနှစ် ပရီးမီးယားလိဂ်ရာသီရဲ့ ချန်ပီယံ ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ ဗာဂျယ် ဗန်ဒိုက်ကတော့ ယနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲမှာ လီဗာပူးအသင်း ရှုံးပွဲ ကြုံတွေ့ခဲ့ရတာဟာ သူ့ရဲ့အမှားကြောင့်ပါ လို့ ပွဲအပြီးမှာ ဝန်ခံစကား ဆိုသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အဝေးကွင်းမှာအာဆင်နယ် အသင်းကို သွားရောက် ယှဉ်ပြိုင် ကစားခဲ့ရတာ ဖြစ်ပြီး ခြေစွမ်းပိုင်းမှာ ပြိုင်ဘက်အသင်းထက် သိသိသာသာ အသာစီး ကစားနိုင်ခဲ့ပေမယ့် မကျူးလွန်သင့်တဲ့ အမှားတွေကို ကျူးလွန်မိရာ ကနေ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပေးခဲ့ရပြီး မန်စီးတီးအသင်းရဲ့ အမှတ်၁၀၀စံချိန်ကို အမှီ လိုက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

Photo Credit: Metro

အာဆင်နယ်အသင်းရဲ့ အမ်းမရိတ် ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ လီဗာပူး အသင်းဟာ ဦးဆောင်ဂိုးကို အရင် ရရှိခဲ့တာ ဖြစ်ပြီး ဆာလက် ၊ ဖာမီနို ၊ မာနေးတို့ရဲ့ တွဲလုံး ကနေ တဆင့် မာနေးဟာ ပွဲကစားချိန် မိနစ် ၂၀ မှာ လီဗာပူးအသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ရရှိပြီး နောက်ပိုင်းမှာ လီဗာပူးအသင်းဟာ ကစားအား ကို ပြန်လည် လျှော့ချလိုက်ပြီး နောက်တန်းမှာပဲ ဘောလုံး အပေးအယူ ပြုလုပ်နေရာမှ ပွဲချိန် ၃၂မိနစ်မှာ ဗန်ဒိုက်ရဲ့ ဂိုးပေါက်ရှေ့မှာ မှားယွင်းတဲ့ ပေးပို့မှုကနေ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်ဟာ ဘောလုံး ရရှိသွားပြီး လီဗာပူး ဂိုးသမား အဲလစ်ဆင်ကိုပါ လိမ်ခေါက်ကာ အသင်းအတွက် ချေပဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ချေပဂိုးတစ်ဂိုး ရရှိပြီးနောက်မှာတော့ အာဆင်နယ်အသင်းဟာ လီဗာပူးအသင်းရဲ့ ကစားသမားတွေကို တစ်ဖက် ဂိုးပေါက်နား အထိ ဖိအားပေး ကစားခဲဲ့ပြီး အဆိုပါ ကစားပုံ ကြောင့်ပဲ ပွဲချိန် ၄၄မိနစ်မှာ အဲလစ်ဆင်ရဲ့ လူပေးမှားမှုကနေ အာဆင်နယ်အသင်းဟာ ဂိုးသွင်းဖို့ အခွင့်အရေး တစ်ခု ရရှိခဲ့ပြီး အဆိုပါ အခွင့်အရေးကို နယ်ဆင်က အကောင်းဆုံး အဆုံးသတ် သွားခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါပွဲစဉ် ပြီးဆုံးသွားချိန်မှာတော့ လီဗာပူးအသင်းရဲ့ ဗဟိုနောက်ခံလူ ဗန်ဒိုက်က သူတို့ အသင်း ရှုံးနိမ့်ခဲ့တာဟာ သူ့ရဲ့အမှားကြောင့်ပါ လို့ ဝန်ခံစကား ဆိုသွားခဲ့ပါတယ်။ ဗန်ဒိုက်က ” ကျွန်တော်တို့ဟာ သူတို့အသင်းကို လက်ဆောင် ပေးမိသလို ဖြစ်ခဲ့ပါတယ်။ ပထမချေပဂိုး မပေးရခင်အထိ ပွဲဟာ ကျွန်တော်တို့ အတွက် ဖြစ်ခဲ့ပြီး ကျွန်တော်တို့ဟာ သူတို့အသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ အသင်းက သွင်းဂိုး နှစ်ဂိုး ရရှိသွားခဲ့ပါတယ်။ တစ်ဖက်အသင်းကို သွင်းဂိုးတွေ ခွင့်ပြုပေးခဲ့ရပြီး နောက်မှာတော့ ပြန်လာနိုင်ဖို့ ခက်ခဲသွားပါတယ်။ ကျွန်တော်တို့ဟာ ဂိုးသွင်းခွင့်တချို့ ရခဲ့ပေမယ့် သူတို့အသင်းဟာ ကျွန်တော်တို့ကို တားဆီးသွားနိုင်ပါတယ်။ တကယ်လို့ ခင်ဗျားတို့သာ ကျွန်တော်တို့ လုပ်ခဲ့သလို လက်ဆောင်ဂိုးတွေ ပေးမိခဲ့ရင်တော့ ခင်ဗျားနဲ့ ထိုက်တန်တာကို ရရှိမှာ အသေအချာပါပဲ။ တကယ်လို့ ပေးလိုက်ရတဲ့ သွင်းဂိုးတွေကို ပြန်ကြည့်ရင် အဲ့ဒီဂိုးတွေက မပေးသင့်တဲ့ ဂိုးတွေဆိုတာ သိသာပါတယ်​။ ဘောလုံးလောကမှာ အမှားလုပ်လို့ မရပါဘူး။ အမှားလုပ်မိတာနဲ့ ခင်ဗျားတို့ဟာ ခံစားသွားရမှာပါပဲ။ ကျွန်တော်တို့က နှစ်ကြိမ်တိုင်တိုင် အမှားလုပ်မိခဲ့ပါတယ်။ ကျွန်တော် အပါအဝင် ပေါ့ ” လို့ ပွဲအပြီးမှာ ဖြေဆိုသွားခဲ့တာပါ။