ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက ခံစစ်မှူး တဦး ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဗာဂျယ် ဗန်ဒိုက်ကတော့ သူ့အတွက် ရင်ဆိုင်ရအခက်ခဲဆုံး ပြိုင်ဘက်ဟာ လက်ရှိ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး မက်ဆီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် နယ်သာလန် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ဟာ ဥရောပရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိဖူးသူ တဦး ဖြစ်ပြီး လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ ၅ဦး စာရင်းဝင် နောက်ခံလူ တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဗန်ဒိုက်ဟာ သူ့ရဲ့ ကစားသမားဘဝမှာ ရိုနယ်ဒို ၊ မက်ဆီ ၊ အမ်ဘာပေ ၊ ဟာလန်း ၊ လီဝမ်ဒေါစကီးတို့လို ထိပ်တန်း တိုက်စစ်မှူးတွေနဲ့ ရင်ဆိုင်ဖူးပြီး အဆိုပါ ကစားသမားတွေ အနက် သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်ကို ရွေးချယ်ခိုင်းရာမှာတော့ ဗန်ဒိုက်ဟာ မက်ဆီကို ရွေးချယ်ခဲ့ပါတယ်။

ဗန်ဒိုက်နဲ့ မက်ဆီတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မကြာခဏ ဆိုသလို ရင်ဆိုင် တွေ့ဖူးပြီး မက်ဆီဟာ ဗန်ဒိုက် ဦးဆောင်တဲ့ လီဗာပူးအသင်းကို သွင်းဂိုးတွေ သွင်းယူဖူးကာ ဗန်ဒိုက်ကတော့ မက်ဆီဟာ ထိန်းချုပ်ရခက်တဲ့ ကစားသမား တဦး ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Marca

ဗန်ဒိုက်က – “ကျွန်တော့်အတွက် မက်ဆီက ရင်ဆိုင်ရ အခက်ဆုံး ပြိုင်ဘက် တဦးပါ။ သူက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ရိုနယ်ဒိုနဲ့ သူက ပြီးခဲ့တဲ့ ဆယ်စုနှစ် တခု အတွင်းမှာ မယုံနိုင်စရာ ကောင်းအောင် စွမ်းဆောင်ပြထားနိုင်တဲ့ ကစားသမားတွေပါ။ ပြီးတော့ သူတို့ ရယူထားတဲ့ ဆုတံဆိပ်တွေကလည်း မယုံနိုင်စရာပါပဲ။ မက်ဆီကို ဘာ့ကြောင့် ရင်ဆိုင်ရ အခက်ဆုံး ပြိုင်ဘက်လို့ ပြောရသလဲ ဆိုရင် ဘာစီလိုနာအသင်းက ကျွန်တော်တို့ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ နိုင်ခဲ့တဲ့ပွဲမှာ သူဟာ ထိန်းမရအောင် ကောင်းခဲ့လို့ပါ” လို့ ပြောဆိုခဲ့တာပါ။