အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံအသင်း ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ နယ်သာလန် အသင်းတို့ရဲ့ အဓိက နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဗာဂျယ် ဗန်ဒိုက်ဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ အဲဗာတန် အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ မာဆေးဆိုဒ်ဒါဘီမှာ ရရှိခဲ့တဲ့ ဒူးခေါင်းဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်ဖွယ် ရှိကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ဗန်ဒိုက်ဟာ အဲဗာတန်အသင်းရဲ့ ဂိုးသမား ဖြစ်သူ ပစ်ဖို့ဒ်နဲ့ ထိခိုက်မိရာကနေ ပြင်းထန်တဲ့ ဒူးခေါင်းဒဏ်ရာ တစ်ခုကို ရရှိသွားခဲ့တာ ဖြစ်ပြီး အဆိုပါ ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ အတွက် အနိမ့်ဆုံး ၆လကနေ အမြင့်ဆုံး ၈လအထိ အနားယူရဖွယ် ရှိနေပါတယ်။

Photo Credit: CBS News

တစ်ဖက် ၂ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီမှာ ဗန်ဒိုက်ဟာ အဲဗာတန်အသင်းဘက်ကို ဂိုးသွင်းယူဖို့ ကြိုးစားရာကနေ ပစ်ဖို့ဒ်နဲ့ ထိခိုက်မိခဲ့တာ ဖြစ်ပြီး ဗန်ဒိုက်အပေါ်မှာ ပစ်ဖို့ဒ်ရဲ့ ဖျက်ထုတ်မှုဟာ အတော်လေး ပြင်းထန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်အနေနဲ့ ပစ်ဖို့ဒ်ကို အဝါကတ်တောင် မပြခဲ့တာက အတော်လေး နားလည်ရ ခက်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ပွဲကစားချိန် ၆မိနစ်မှာ ဖာဘင်ဟိုရဲ့ ဖြတ်တင်ဘောကို အဆုံးသတ်ကာ အသင်းအတွက် ဦးဆောင်ဂိုး နောက်တစ်ဂိုး သွင်းယူပေးဖို့ ကြိုးစားခဲ့ချိန်မှာ ပစ်ဖို့ဒ်နဲ့ ထိခိုက်မိခဲ့တာလည်း ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ဒဏ်ရာ ရရှိပြီးတဲ့ နောက်ပိုင်းမှာ ကွင်းအတွင်းကနေ ချက်ချင်း ထွက်ခွာသွားခဲ့ပြီး ကုသမှုတွေ ခံယူခဲ့တာကိုလည်း ရုပ်သံထုတ်လွှင့်မှုတွေ ကနေ မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: CBS News

အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေထဲက တစ်ခုဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ အဆိုအရ ဗန်ဒိုက်ဟာ ပစ်ဖို့ဒ်ရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် ဆိုးဝါးတဲ့ ဒူးခေါင်းဒဏ်ရာ တစ်ခု ရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာကြောင့် ဗန်ဒိုက်ဟာ အနည်းဆုံး ၆လကနေ အများဆုံး ၈လအထိ အနားယူရဖွယ် ရှိကြောင်း သိရပါတယ်။ ဗန်ဒိုက်ရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး Bein Sports သတင်းဌာနရဲ့ အစီအစဉ် တင်ဆက်သူဖြစ်တဲ့ ရစ်ချက်ကီးလ်ကလည်း အဆိုပါ ဒဏ်ရာဟာ ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုဖြစ်ကာ ဗန်ဒိုက်ဟာ အဆိုပါ ဒဏ်ရာကြောင့် ခုနှစ်လကနေ ရှစ်လကြား အနားယူရဖွယ် ရှိကြောင်း သုံးသပ် ထားပါတယ်။ လက်ရှိမှာတော့ ဗန်ဒိုက်ရဲ့ အကြောင်းကို လီဗာပူး အသင်းက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် ဗန်ဒိုက်ဟာ ဘယ်ဘက် ဒူးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ကြောင်း အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ထားကြပါတယ်။