ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးအသင်းရဲ့ နောက်ခံလူသစ် ဖြစ်သူ ကိုနာတေး ကတော့ ပြင်းထန်တဲ့ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဗန်ဒိုက်ဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်နောက်ခံလူ ကိုနာတေးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးအသင်းက ခေါ်ယူခဲ့တဲ့ တဦးထဲသော ကစားသမား ဖြစ်ပြီး လီဗာပူးအသင်းဟာ ကိုနာတေးကို လိုက်ပ်ဇက်အသင်း ကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၆သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Liverpool Echo

လီဗာပူးအသင်းရဲ့ မရှိမဖြစ်လို့ ပြောရမယ့် ဗန်ဒိုက်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်နဲ့ ထိခိုက်မိကာ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့ပြီး တနှစ်နီးပါး အနားယူခဲ့ရပေမယ့် ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ ယခင်ကလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ကာ သူ ဦးဆောင်တဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။

ဒါကြောင့်ပဲ ဗန်ဒိုက်ရဲ့ အသင်းဖော်သစ် ဖြစ်သူ ကိုနာတေးက ဗန်ဒိုက်ဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ ဖြစ်ကြောင်း Sky Sports သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပြီး သူကလည်း ဗန်ဒိုက်လို အကောင်းဆုံး နောက်ခံလူ တဦး ဖြစ်လာအောင် ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။

Photo Credit: Liverpool Echo

ကိုနာတေးက – “ ကျွန်တော်က အခုချိန်မှာ ဗာဂျယ်(ဗန်ဒိုက်)နဲ့ နှိုင်းယှဉ်လို့ မရသေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဗန်ဒိုက်က သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ ဖြစ်ကြောင်း ကမ္ဘာကြီးကို သက်သေပြထားတဲ့ ကစားသမား တဦး ဖြစ်နေလို့ပါ။ ကျွန်တော်က ကမ္ဘာ့အဆင့် နောက်ခံလူ ဖြစ်နေပြီလို့တော့ မထင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်က ကမ္ဘာ့အဆင့် နောက်ခံလူ ဖြစ်တဲ့ အကြောင်းကို တချိန်မှာ သက်သေပြနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားခဲ့တာပါ။