ပရီးမီးယားလိဂ် ထိပ်သီးအသင်း တစ်သင်းဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်ရဲ့ မာဆေးဆိုဒ် ဒါဘီမှာ ရရှိခဲ့တဲ့ ဒူးအရွတ် ဒဏ်ရာဟာ ထင်ထားတာထက် ပိုမို ဆိုးရွားနေကြောင်း သိရပါတယ်။ လီဗာပူးအသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ အဓိက နောက်ခံလူဖြစ်တဲ့ ဗာဂျယ် ဗန်ဒိုက်ဟာ အဲဗာတန် အသင်းနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီမှာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကို ခံစားခဲ့ရကာ ဘောလုံးသမားတွေ အတွက် အိမ်မက်ဆိုး တစ်ခုလို့ ဆိုရမယ့် ACLဒဏ်ရာ (သို့) ဒူးခေါင်းထဲမှာ ရှိတဲ့ အရွတ် ပြတ်တောက်မှု ဒဏ်ရာကို ရရှိခဲ့ပြီး တစ်နှစ်နီးပါး အနားယူ ရတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Sport Bible

ကနဦးမှာ လီဗာပူးအသင်းဟာ ဗန်ဒိုက်အနေနဲ့ ခွဲစိတ်ကုသမှုတွေ အောင်မြင်ခဲ့ရင် ယခုနှစ် ဘောလုံးရာသီ မကုန်မီမှာပဲ အသင်းအတွက် ပြန်ကစားပေး နိုင်လိမ့်မယ်လို့ ထင်မြင်ခဲ့ပေမယ့် နောက်ဆုံး ဆေးစစ်ချက်တွေ အရတော့ ဗန်ဒိုက်ရဲ့ ဒဏ်ရာဟာ ယခင်က ခန့်မှန်းထားတာထက် ပိုမို ဆိုးရွားနေခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဗန်ဒိုက်ဟာ ACL ဒဏ်ရာတွေထဲမှာ အဆိုးရွားဆုံး ဖြစ်တဲ့ အဆင့်၃ကို ခံစားခဲ့ရတာ ဖြစ်ကြောင်း သိရှိရပြီး The Athletic သတင်းဌာနရဲ့ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ အော်စတိန်းကတော့ ဗန်ဒိုက်ရဲ့ ဒဏ်ရာဟာ ACL ဒဏ်ရာဆိုတဲ့ အဆင့်ထက်တောင် ပိုသေးကြောင်း ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Sport Bible

ဗန်ဒိုက်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး အော်စတိန်းက “ကျွန်တော် နားလည် ထားသလောက်တော့ ဗန်ဒိုက်ရဲ့ ညာဘက်ဒူးခေါင်းမှာ ရှိတဲ့ ဒဏ်ရာဟာ ပထမ ခန့်မှန်းထားတာ ထက်တောင် ပိုမို ဆိုးရွားတဲ့ အခြေအနေ မှာ ရှိနေပါတယ်။ ပြီးတော့ သူ့ရဲ့ ဒဏ်ရာက ACL အဆင့်ထက်တောင် ပိုနေသလိုပါပဲ။ အဲ့ဒီ အတိုင်းသာ ဆိုရင် ကျွန်တော်တို့ဟာ ဗန်ဒိုက်ကို လာမယ့် ဘောလုံးရာသီ အထိ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး” လို့ ပြောကြား သွားခဲ့တာပါ။ အဆင့် ၃ ACLဒဏ်ရာကို ရရှိခဲ့တဲ့ ကစားသမားတွေဟာ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာဖို့ အတွက် အနည်းဆုံး အချိန် ၉လကျော်ခန့် ပေးရလေ့ ရှိတာကြောင့် အော်စတိန်းရဲ့ ပြောဆိုမှုသာ မှန်နေမယ် ဆိုရင်တော့ ဗန်ဒိုက်ဟာ အနည်းဆုံး တစ်နှစ်နီးပါး အနားယူရချေ ရှိနေပါတယ်။