အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံအသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ ဂန္တဝင် နောက်ခံလူဟောင်း ကာရေဂါကတော့ လက်ရှိ လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ ဗန်ဒို်က် တစ်ယောက် ပြင်းထန်တဲ့ ဒူးခေါင်းဒဏ်ရာ ရရှိပြီး ကာလရှည် အနားယူဖို့ ရှိနေတာကြောင့် လီဗာပူးအသင်းဟာ လက်ရှိ ဘောလုံးရာသီ မှာ အမှတ်ပေး ချန်ပီယံ ထပ်ဖြစ်ဖို့ မလွယ်ကူတော့ကြောင်း ဆိုသွားပါတယ်။ ကာရေဂါဟာ လီဗာပူးအသင်းမှာ ကာလရှည် ကစားခဲ့ဖူးတဲ့ နောက်ခံလူတစ်ဦး ဖြစ်သလို အသင်းကို အမှန်အကန် အားပေးတဲ့ ပရိသတ် တစ်ဦး ဖြစ်တာကြောင့် မကြာခဏ ဆိုသလို တီဗွီ အစီအစဉ်တွေကနေ တဆင့် လီဗာပူးအသင်းရဲ့ အကြောင်းတွေကို တင်ဆက် ပေးလေ့ရှိသူ တစ်ဦး ဖြစ်ပါတယ်။

Photo Credit: Express

လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဗန်ဒိုက် ကတော့ ပြီးခဲ့တဲ့ စနေနေ့မှာ ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီမှာ အဲဗာတန်အသင်းရဲ့ ဂိုးသမား ဖြစ်သူ ပစ်ဖို့်ဒ်ရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် ACL လို့ အတိုကောက် ခေါ်တဲ့ ဒူးခေါင်းအတွင်းမှာ ရှိတဲ့ အရွတ်ကြော ပြတ်တောက်သွားတဲ့ ဒဏ်ရာ ရရှိသွားခဲ့ပြီး အဆိုပါ ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ အတွက် အနိမ့်ဆုံး ရလခန့် အနားယူရဖွယ် ရှိနေပါတယ်။ နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ ဗန်ဒို်က်ရဲ့ ဒဏ်ရာဟာ ACL ဒဏ်ရာတွေထဲမှာ အဆိုးဝါးဆုံး အဆင့်တစ်ခု ဖြစ်တဲ့ အဆင့်၃ဒဏ်ရာ အမျိုးအစား ဖြစ်ကြောင်း သိရှိရပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့အတွက် အချိန် ဘယ်လောက် ယူရမလဲ ဆိုတာကိုတော့ ခွဲစိတ်မှု ပြီးစီးမှသာ သိရှိရမှာ ဖြစ်ကြောင်း သိထားရပါတယ်။

Photo Credit: Express

ဗန်ဒိုက်ဟာ လီဗာပူးအသင်းရဲ့ မရှိမဖြစ် ကစားသမားတွေထဲက တစ်ဦးဖြစ်တာကြောင့် ဗန်ဒိုက် မရှိတာဟာ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက်ကို ထိခိုက်စေနိုင်ကြောင်း ကာရေဂါက ဝန်ခံသွားပါတယ်။ ကာရေဂါက “ အခုချိန်မှာတော့ လီဗာပူးအသင်းဟာ ဗန်ဒိုက်မရှိပဲနဲ့ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်မလား ဆိုတာက အကြီးမားဆုံး မေးခွန်းတစ်ခု ဖြစ်လာပါပြီ။ ကျွန်တော့်အမြင်ကို ပြောရရင် သူတို့ကိုယ် သူတို့ ဖလား ရနိုင်တယ်လို့ ယုံကြည်ထားတဲ့ အသင်းကြီးတွေမှာ အဓိက ကျတဲ့ ကစားသမားတွေ သုံး ၊ လေးဦးလောက် ရှိတတ်ပါတယ်။ တကယ်လို့ အဲ့ဒီ ကစားသမားတွေထဲက တစ်ယောက်ယောက်သာ ဒဏ်ရာရသွားရင် အသင်းရဲ့ မန်နေဂျာ ဘယ်လောက် ကောင်းကောင်း ၊ အသင်းရဲ့ လူအင်အား ဘယ်လောက် ကောင်းကောင်း ခင်ဗျားဟာ သူတို့ရဲ့ နေရာကို အစားထိုးမှု လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ သူတို့ဟာ အရမ်းကောင်းတဲ့ ကစားသမားတွေ ဖြစ်လို့ပါ။ ဒါ့ကြောင့် ဗန်ဒိုက် ဒဏ်ရာရသွားတာဟာ လီဗာပူးအသင်းရဲ့ ချန်ပီယံ အိမ်မက်ကို အကြီးအကျယ် ထိခိုက်စေမှာ သေချာပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။