၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အုပ်စု ဒုတိယပွဲမှာ အီကွေဒေါနဲ့ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းကို ဝေဖန်ခဲ့တဲ့ နယ်သာလန် ဂန္တဝင် ကစားသမားကြီး ဗန်ဘက်စတန်အား အဆိုးမြင်သမားလို့ ပြန်လည် တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။

နယ်သာလန်က ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာ ဆီနီဂေါ ၊ အီကွေဒေါ ၊ ကာတာတို့နဲ့ တအုပ်စုထဲ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲမှာ ဆီနီဂေါကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့သလို အုပ်စု ဒုတိယပွဲမှာ အီကွေဒေါကို ၁-၁ ဆိုတဲ့ သရေရလဒ် ရအောင် ကစားနိုင်ခဲ့တာကြောင့် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။

Photo Credit: Daily Star

ဒါပေမယ့် ဗန်ဘက်စတန် အပါအဝင် နယ်သာလန် ပရိသတ်တွေကတော့ အီကွေဒေါနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းကို အားရကျေနပ်မှု မရှိကြပဲ ဗန်ဘက်စတန်က “ကျွန်တော်တို့အသင်းက တဖက်ရဲ့ တိုက်စစ်ကို ခုခံတဲ့ နေရာမှာ အရှေ့ကို ခပ်မြန်မြန် တက်ကစားဖို့ လိုနေပါတယ်။ ကျွန်တော်တို့က ပွဲကို ဦးဆောင်နေတဲ့ အချိန်မှာ ခံစစ်ကို ပိုပြီး သတိထား ကစားရမယ် ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ခံစစ်မှူးတွေရဲ့ လှုပ်ရှားမှု တချို့က ကျွန်တော်တို့အသင်း အတွက် နစ်နာစရာတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ဗန်ဒိုက်ဟာ ခံစစ်မှူးတွေ ရှေ့ကို ပိုပြီး တက်ကစားနိုင်အောင် ဦးဆောင်ပေးသင့်တယ်လို့ မြင်ပါတယ်။ သူက စကားများများသာ ပြောနေတာပါ။ လက်တွေ့မှာ အလုပ်ကျ တကယ် မလုပ်နိုင်ဘူး” ဆိုပြီး ဗန်ဒိုက် အပါအဝင် နယ်သာလန် တသင်းလုံးကို ဝေဖန်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဗန်ဒိုက်က အီကွေဒေါနဲ့ ပွဲပြီး အင်တာဗျူးမှာ သူ့ကို ဦးတည်ကာ ဝေဖန်ခဲ့တဲ့ ဗန်ဘက်စတန်အား ပြန်လည် တုံ့ပြန်ခဲ့တာ ဖြစ်ပြီး ဗန်ဒိုက်က ဗန်ဘက်စတန်ကို အဆိုးမြင်သမားလို့ ခေါင်းစဉ်တပ်သွားခဲ့ပါတယ်။

Photo Credit: Daily Star

ဗန်ဒိုက်က – “ကျွန်တော်ကတော့ ဗန်ဘက်စတန်ဟာ ဘယ်တော့မှ အကောင်းမြင်မယ့်လူ မဟုတ်ဘူးလို့ပဲ ထင်ပါတယ်။ ဒီတော့ ကျွန်တော်က သူ့ရဲ့ အမြင်နဲ့ ပတ်သတ်ပြီး ဘာကိုမှ မပြောချင်ပါဘူး။ ဟေလ်ဗာဆန်မှာ (NOS သတင်းဌာနရဲ့ ရုံးချုပ်) ထိုင်ပြီးတော့ ပွဲကို ဝေဖန် သုံးသပ်ရတာက လွယ်ပါတယ်။ ကျွန်တော်က ဒီနေ့ပွဲမှာ ခြေစွမ်းကောင်းခဲ့တယ်လို့ မပြောချင်ပါဘူး။ ကျွန်တော့်ရဲ့ ခြေစွမ်းကလည်း အကောင်းကြီး မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သူက ကျွန်တော့်ကို အသင်းခေါင်းဆောင် တယောက်ရဲ့ တာဝန် မကျေဘူးလို့ ပြောတာကိုတော့ လက်မခံနိုင်ပါဘူး။ ကျွန်တော်က အသင်းခေါင်းဆောင် လက်ပတ်နဲ့ ဘာများ လုပ်ပေးရဦးမှာလဲ။ ကျွန်တော်က အမြဲတမ်း အသင်းကို ဦးဆောင်ခဲ့တာပါ။ ပြီးတော့ အသင်းရဲ့ အရှေ့မှာ အမြဲတမ်း ရပ်ခဲ့တဲ့လူပါ” လို့ ဗန်ဘက်စတန်ရဲ့ ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်သွားခဲ့တာပါ။