ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံအသင်း တစ်သင်းဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူ ဗန်ဒို်က်ဟာ ယမန်နေ့မှာ ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီမှာ အဲဗာတန်အသင်းရဲ့ ဂိုးသမား ပစ်ဖို့ဒ်နဲ့ ထိခိုက်မိရာ ကနေ ပြင်းထန်တဲ့ ဒူးဒဏ်ရာတစ်ခုကို ရရှိခဲ့ပြီး လက်ရှိမှာတော့ အဆိုပါဒဏ်ရာနဲ့ ပတ်သတ်ပြီး ဆေးစစ်မှုတွေ ပြုလုပ်နေပါတယ်။ ဗန်ဒိုက်ဟာ ပွဲကစားချိန် အစောပိုင်းမှာပဲ အဲဗာတန် အသင်းဘက်ကို ဂိုးသွင်းယူဖို့ ကြိုးစားရာ ကနေ ပစ်ဖို့ဒ်နဲ့ ထိခိုုက်မိကာ ညာဘက်ဒူးမှာ ပြင်းထန်တဲ့ ဒဏ်ရာတစ်ခု ရရှိခဲ့ကာ ဒဏ်ရာရပြီးပြီးချင်းမှာပဲ ကွင်းအတွင်းကနေ ထွက်ခွာကာ ဆေးကုသမှုတွေ ခံယူခဲ့ပေမယ့် သူ့ရဲ့ ဒဏ်ရာအခြေအနေဟာ အလွယ်တကူနဲ့ ပြန်လည် သက်သာလာမယ့် ဒဏ်ရာတစ်ခု မဟုတ်ကြောင်း သိရပါတယ်။

Photo Credit: ESPN

အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေထဲက တစ်ခုဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ အဆိုအရ ဗန်ဒိုက်ဟာ ပစ်ဖို့ဒ်ရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် ဆိုးဝါးတဲ့ ဒူးခေါင်းဒဏ်ရာ တစ်ခု ရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာကြောင့် ဗန်ဒိုက်ဟာ အနည်းဆုံး ၆လကနေ အများဆုံး ၈လအထိ အနားယူရဖွယ် ရှိကြောင်း သိရပါတယ်။ ဗန်ဒိုက်ရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး Bein Sports သတင်းဌာနရဲ့ အစီအစဉ် တင်ဆက်သူဖြစ်တဲ့ ရစ်ချက်ကီးလ်ကလည်း အဆိုပါ ဒဏ်ရာဟာ ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုဖြစ်ကာ ဗန်ဒိုက်ဟာ အဆိုပါ ဒဏ်ရာကြောင့် ခုနှစ်လကနေ ရှစ်လကြား အနားယူရဖွယ် ရှိကြောင်း သုံးသပ် ထားပါတယ်။ လီဗာပူးအသင်း ကတော့ အဆိုပါသတင်းတွေကို အတည်ပြုထားခြင်း မရှိပေမယ့် လီဗာပူးအသင်းနဲ့ နီးစပ်သူတွေ ကတော့ ဗန်ဒိုက်ရဲ့ ဒဏ်ရာဟာ ထင်ထားတာ ထက် ပိုမို ဆိုးရွားနေကြောင်း ဖွင့်ဟ ထားကြပါတယ်။

Photo Credit: ESPN

လက်ရှိမှာတော့ ဗန်ဒိုက်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး လီဗာပူးအသင်းဘက်က တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပေမယ့် လီဗာပူးအသင်းရဲ့ ဆေးအဖွဲ့ဟာ ဗန်ဒိုက်ရဲ့ ဒဏ်ရာကို ကြည့်ရှုကာ အသေးစိတ် ပြောပြဖို့ ခဲယဉ်းတာကြောင့် လက်ရှိမှာ လီဗာပူးအသင်းဟာ ဒူးခေါင်းဒဏ်ရာတွေနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ အထူးကု ဆရာဝန်တစ်ဦးကို ငှားရမ်းကာ ဗန်ဒိုက်ရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးနေကြောင်း ESPN သတင်းဌာနက ဆိုပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဗန်ဒိုက်ဟာ လီဗာပူးအသင်းရဲ့ လက်ကျန် ဘောလုံးရာသီ တစ်ခုလုံးကို လွဲချော်ဖို့ များနေပြီး ဆရာဝန် ငှားရမ်းခဲ့တာဟာ ဒဏ်ရာ အခြေအနေကို သိရှိိချင်တာထက် ခွဲစိတ်မှုမပြုလုပ်ပဲ ပြန်လည် သက်သာလာမယ့် နည်းလမ်းကို ရှာဖွေနေတာ ဖြစ်ကြောင်း သိရပါတယ်။