မနေ့ညက ဝင်ဘာလေကွင်းအတွင်းမှာ ကျင်းပသွားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ မိနစ်ကိုးဆယ်အတွင်း တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာ အာဆင်နယ်က ပင်နယ်တီမှာ (၅)ဂိုး(၄)ဂိုးနဲ့ အနိုင်ရခဲ့ကာ ကွန်မြူနတီဒိုင်းကြီးကို ဆွတ်ခူးနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ထားတဲ့ လီဗာပူးလ်အသင်းကိုလည်း ၂၀၂၀ခုနှစ်အတွင်းမှာ (၂)ကြိမ်တိုင် အနိုင်ယူနိုင်ခဲ့ရပါတယ်။

ဒီပွဲမှာ အရေးနိမ့်ခဲ့ရတဲ့ လီဗာပူးလ်အသင်းက ပွဲချိန်အတွင်း ဂိုးပေါက်ကန်ချက် (၁၅)ကြိမ်အထိ ပြုလုပ်ခဲ့ပြီး (၄)ကြိမ်ဂိုးပေါက်တည့်မတ်ခဲ့ပေမယ့် သွင်းဂိုး(၁)ဂိုးပဲ သွင်းယူနိုင်ခဲ့ပြီး အနိုင်ရဖို့ မလုံလောက်ခဲ့ပဲ ပင်နယ်တီမှာလည်း လူငယ်တိုက်စစ်မှူးလေး ဘရူစတားရဲ့ကန်ချက်က လွဲချော်ခဲ့ရကာ (၅)ဂိုး(၄)ဂိုးနဲ့ ရှံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ ဒီရှံးပွဲနဲ့ပတ်သက်ပြီး လီဗာပူးလ်အသင်းရဲ့နောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်က “သူတို့ရဲ့အဓိကအခွင့်အရေးက အူဘာရဲ့သွင်းဂိုးပါ။ အရမ်းကောင်းမွန်တဲ့ အဆုံးသတ်ဖြစ်ခဲ့ပေမယ့် ဒီလိုကန်သွင်းလို့မရအောင် နောက်ပြီး အူဘာရဲ့ခြေထောက်ထဲ ဘောလုံးရောက်မသွားအောင် လုပ်ဆောင်သင့်တာ”

“ပွဲတစ်ပွဲလုံးမှာတော့ ကျွန်တော်တို့အသင်းက ကစားပုံပိုကောင်းခဲ့တယ်။ တစ်ပွဲလုံးလည်း လွှမ်းမိုးနိုင်တယ်။ ကောင်းကောင်းဖိအားပေးနိုင်ခဲ့တယ်။ အခွင့်အရေးတွေများစွာကိုလည်း ဖန်တီးနိုင်ခဲ့တယ်။ ပင်နယ်တီအဆုံးအဖြတ်ထိ ရောက်သွားချိန်မှာ ကံတရားနဲ့ပဲ ဆိုင်လာတော့တယ်။ ဘာမဆို ဖြစ်သွားနိုင်တယ်လေ။ ဒီရလဒ်က စိတ်ပျက်စရာကောင်းပေမယ့် ကျွန်တော်တို့တွေ ရှေ့ဆက်နေရဦးမှာပါပဲ။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကျွန်တော်တို့အသင်း ပင်နယ်တီတွေကနေ ရှံးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့တာပဲလေ။ ဒါကြောင့် ဒီရှံးပွဲက အသင်းအတွက် စိတ်ပူစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရချင်ခဲ့တာကိုတော့ အားလုံးလည်း မြင်မိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့အသင်းအတွက် အခွင့်အရေးကြီးတွေ အများကြီးရခဲ့သလို ကျွန်တော်ရဲ့သွင်းဂိုးကလည်း ခွင့်ပြုမခံခဲ့ရဘူး။ တစ်ပွဲလုံးကို ခြုံငုံကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့တွေ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့သာ အဆုံးသတ်ပိုကောင်းခဲ့မယ်ဆိုရင် ရလဒ်က ကောင်းသွားနိုင်မှာ သေချာတယ်” လို့ တိုက်စစ်ကစားသမားတွေရဲ့အဆုံးသတ်ပိုင်းအားနည်းချက်အပေါ်မှာ ထောက်ပြဝေဖန်သွားခဲ့ပါတယ်။