ဗာဂျယ် ဗန်ဒိုက်လို့ ဆိုလိုက်တာနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူဆုကို ရရှိခဲ့တဲ့ နယ်သာလန် လက်ရွေးစင် အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ အဓိကကျတဲ့ နောက်ခံလူတစ်ဦးရဲ့ ပုံရိပ်ကို အားလုံးရဲ့ မျက်စိထဲမှာ မြင်တွေ့လာမှာ သေချာပါတယ်။ ဗန်ဒိုက် ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးအဖြစ် သတ်မှတ်ခံထားရသလို မြင့်မားတဲ့ အရပ် အမောင်း ၊ ရှည်လျားတဲ့ ခြေထောက်တွေ ၊ ကြီးမားသန်စွမ်းတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ မလိုက် လျင်မြန်မှု စတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင် ထားသူ တစ်ဦးဖြစ်ကာ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး နောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံထားပါသေးတယ်။ ဒါ့ကြောင့် လီဗာပူးပရိသတ်အများအပြားဟာ ဗန်ဒိုက်ရဲ့ ဘဝကို အားကျနေကြပြီး ဗန်ဒိုက်ဟာ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး တစ်ခုကို ရရှိလိမ့်မယ်လို့ တွေးထင်ထားကြမိမှာပါ။

Photo Credit: Tribuna

ဒါပေမယ့် ဗန်ဒိုက်ရဲ့ ဘဝဟာ ပရိသတ်တွေ ထင်ထားသလို ချောမွေ့မှု မရှိခဲ့ပဲ လွန်စွာမှ ဆိုးရွားလှတဲ့ ဘဝအစပိုင်းကို ဗာဂျယ်ဟာ ရင်ဆိုင် ခဲ့ရပါတယ်။ အဲ့ဒါကတော့ ဗန်ဒိုက်ဟာ သူ့ရဲ့ ဖခင်ရဲ့ စွန့်ပစ်မှုကို ငယ်စဉ်ကတည်းက ခံထားရသူ ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ ဗန်ဒိုက်ရဲ့ ဖခင်ဖြစ်သူဟာ ရွန်ဗန်ဒိုက်လို့ အမည်တွင်သူ ဖြစ်ပြီး သူဟာ ဗန်ဒိုက်ရဲ့ မိခင်ဖြစ်သူ ဟယ်လန် ဖို ဆီအူ နဲ့ အကြောင်းပါပြီး နောက်မှာ ဗန်ဒိုက် အပါအဝင် ကလေးသုံးဦးအထိ ရရှိခဲ့ပေမယ့် ကလေးသုံးဦး ရရှိခဲ့ပြီး နောက်မှာ ဗန်ဒိုက်တို့ မိသားစုကို စွန့်ပစ်သွားခဲ့ပါတယ်​။ ခင်ပွန်း ဖြစ်သူရဲ့ စွန့်ပစ်မှုကို ခံခဲ့ရတဲ့ အချိန်မှာ ဗန်ဒိုက် ရဲ့ မိခင်ဖြစ်သူ ဟယ်လန်ဟာ မိသားစုတာဝန်ကို ယူခဲ့ရပြီး တစ်ပတ်တာလုံးမှာ နားချိန်မရှိအောင် ကို အလုပ်လုပ်ကာ ဗန်ဒိုက်တို့ မောင်နှမသုံးဦး အား ကျွေးမွေးပြုစုခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Tribuna

ရွန်ဗန်ဒိုက်တစ်ယောက် ဗာဂျယ်တို့ရဲ့ မိသားစုကို စွန့်ခွာခဲ့တဲ့ အချိန်မှာ ဗာဂျယ်ဟာ လွန်စွာမှ ငယ်ရွယ်သေးတာကြောင့် သူ့ဖခင်ရဲ့ လုပ်ရပ် အကြောင်းကို နားမလည်ခဲ့ပေမယ့် အသက် အနည်းငယ် ရလာပြီးနောက်ပိုင်းမှာတော့ ဖခင် ဖြစ်သူရဲ့ အကြောင်းတွေကို သိရှိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဗာဂျယ်ဟာ ဖခင်ဖြစ်သူကို အမုန်းကြီး မုန်းသွားခဲ့ပြီး ဘောလုံးသမား တစ်ဦးအဖြစ် ကစားစဉ်မှာလည်း သူ့ရဲ့အင်္ကျီမှာ ထည့်သွင်းမယ့် နာမည်ကို ဖခင်ဖြစ်သူရဲ့ နာမည် ဖြစ်တဲ့ ဗန်ဒိုက်လို့ မပေးခဲ့ပဲ သူ့နာမည်ရဲ့ အစ စာလုံးဖြစ်တဲ့ ဗာဂျယ်လို့သာ အမည်ပေးသွားခဲ့တာပါ။ ဗာဂျယ်ရဲ့ဖခင်ဖြစ်သူ ရွန်ဗန်ဒိုက် ကတော့ လက်ရှိအချိန်အထိ ဗာဂျယ်တို့ မိသားစုကို ပြန်လည် ဆက်သွယ်ခြင်း မရှိတော့သလို ဗာဂျယ်တို့ မိသားစုအား စွန့်ပစ်ပြီးနောက်ပိုင်း မှာလည်း အိမ်ထောင်သစ်တစ်ခုကို ထပ်မံ ထူထောင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။