ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက ခံစစ်မှူး ဖြစ်သူ ဗန်ဒိုက်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၈)မှာ သူတို့အသင်းက လက်စတာ စီးတီးကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် သူတို့ရဲ့ ခြေစွမ်းပိုင်းဟာ အတော်လေး ဆိုးရွားခဲ့ကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် သေချာစေဖို့ အတွက် နိုင်ပွဲတွေ လိုအပ်နေတဲ့ လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၈) အဖြစ် လက်စတာ စီးတီးကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: 90 Min

ကစားအား ကောင်းတဲ့ အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲတပွဲ ဖြစ်တာကြောင့် အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ ပရိသတ်ကို ဖျော်ဖြေနိုင်ခဲ့ပေမယ့် အိမ်ရှင် လီဗာပူးရဲ့ ခြေစွမ်းပိုင်းက အားရစရာ အနေအထားမျိုးမှာ မရှိခဲ့ပဲ လက်စတာ ဗဟိုခံစစ်မှူး ဖေးလ်ရဲ့ လက်ဆောင် Own Goal နှစ်ဂိုးကြောင့်သာ လီဗာပူးက အိမ်ကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ အဖိုးတန် ရမှတ် ၃မှတ်ကို ရယူသွားနိုင်ခဲ့တာပါ။

လီဗာပူး ၂-၁ လက်စတာ စီးတီး ပွဲစဉ်မှာ လီဗာပူးက ဂိုးသွင်းခွင့် အမြောက်အမြား ရခဲ့ပေမယ့် သူတို့ရဲ့ အထောင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ဟာ ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် လီဗာပူးက ဂိုးပြတ်နိုင်ပွဲ တပွဲ မရခဲ့တာ ဖြစ်ပြီး လက်စတာ စီးတီး အတွက် တလုံးထဲသော သွင်းဂိုးကိုတော့ ပွဲချိန် ၄မိနစ်မှာ ကွင်းလယ်လူ ဟောလ်က သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: 90 Min

အဆိုပါ ပွဲအပြီးမှာတော့ လီဗာပူးရဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက်က သူတို့အသင်းရဲ့ ကစားပုံဟာ အတော်လေးကို ဆိုးရွားခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပြီး သူတို့အသင်းဟာ ဒီထက် ပိုကောင်းတဲ့ ခြေစွမ်းတွေ ရဖို့ လိုအပ်နေကြောင်းနဲ့ ဒီနေ့ပွဲမှာ ရမှတ် ၃မှတ် ရခဲ့တာကိုပဲ ကျေနပ်မိကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဗန်ဒိုက်က – “ဒီနေ့မှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းက အရမ်း ဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် ရမှတ် ၃မှတ် ရယူနိုင်ခဲ့လို့ တော်ပါသေးတယ်။ ကျွန်တော်တို့က ဒီလိုမျိုး ခက်ခဲတဲ့ ပွဲတွေကိုလည်း အနိုင်ကစားဖို့ လိုအပ်ပါတယ်။ ဒါကတော့ ကောင်းတဲ့ အချက်လို့တောင် ပြောလို့ ရပါတယ်။ အခုတော့ ကျွန်တော်တို့က သေချာ အနားယူမယ်။ ပြီးတော့ ကစားပုံ ပိုကောင်းလာအောင် လုပ်မယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲ အတွက် ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ပါမယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ခြေစွမ်း ကောင်းလာအောင် ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ကျွန်တော်တို့ အားလုံးလည်း ကိုယ့်ရဲ့ အခြေအနေကို ကိုယ်တိုင် သိပါတယ်။ ကျွန်တော်တို့တွေ တိုးတက်အောင် လုပ်ရမယ့် အပိုင်းတွေ အများကြီး ရှိနေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။