ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးနဲ့ နယ်သာလန် လက်ရွေးစင်အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်တဲ့ ဗန်ဒါဗတ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဘာစီလိုနာကြယ်ပွင့် ဖရန်ကီ ဒီဂျောင်အနေနဲ့ အချိန်ဆွဲမနေပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်က ရာသီသစ် အတွက် ပြင်ဆင်မှု အဖြစ် အေဂျက်နည်းပြ အဲရစ် တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ထားသလို တန်ဟက်ဂ်ရဲ့ တောင်းဆိုမှုအရ သူ့ရဲ့ တပည့်ဟောင်း ဒီဂျောင်ကို ဘာစီလိုနာကနေ ခေါ်ယူဖို့ အစွမ်းကုန် ကြိုးပမ်းနေပါတယ်။

Photo Credit: Football 365

တဖက်မှာလည်း ဒီဂျောင်ရဲ့ လက်ရှိကလပ် ဘာစီလိုနာဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက် ရမယ့် ဒီဂျောင်ကို ပြန်လည် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ ကြားမှာ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပါပြီ။

ဒါပေမယ့် ဒီဂျောင်ကတော့ လက်ရှိအချိန်အထိ ဘာစီလိုနာကနေ ထွက်ခွာဖို့ ယတိပြတ် မဆုံးဖြတ်ရသေးပဲ ဆရာဟောင်း တန်ဟက်ဂ် ရှိရာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် မရထားတဲ့ အချက်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ တွန့်ဆုတ်နေပါတယ်။

Photo Credit: Football 365

နယ်သာလန် လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို ဒီဂျောင်နဲ့လည်း ရင်းနှီးတဲ့ ဗန်ဒါဗတ်ကတော့ ဒီဂျောင်ကို ဘာစီလိုနာအား စွန့်ခွာကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့စေချင်နေပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လိုက်ရင် ဒီဂျောင်ဟာ နယ်သာလန်အသင်းမှာ ကစားသလိုမျိုးပဲ ခံစားရလိမ့်မယ်လို့ ဆိုသွားခဲ့ပါတယ်။

ဗန်ဒါဗတ်က – “ဒီဂျောင်က နယ်သာလန်အသင်းမှာ ကစားရင် ဘာစီလိုနာမှာ ကစားတာထက် ဘာလို့ ခြေစွမ်းပိုကောင်းနေသလဲ ဆိုတာကို ကျွန်တော် ရှင်းပြမယ်။ တကယ်တော့ ဒီဂျောင်က နယ်သာလန်အသင်းရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်သလို နယ်သာလန်အသင်းမှာ ဆိုရင် သူက သူ လုပ်ချင်တဲ့ အရာတိုင်းကို လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာမှာတော့ သူက အဲ့ဒီလိုမျိုး ကစားလို့ မရပါဘူး။ ဘာစီလိုနာမှာ ပီဒရီ ၊ ဘက်စ်ကွက်နဲ့ ဂါဗီတို့လို ကွင်းလယ်လူတွေ ရှိပြီး ဒီဂျောင်က အဲ့ဒီ ကစားသမားတွေနဲ့ တွဲကစားရတဲ့ အခါ သူတို့နဲ့ အဆင်ပြေအောင် လိုက်ကစားရတာကြောင့် သူ စိတ်ကြိုက် ကစားခွင့် မရပါခဲ့ပါဘူး။ မန်ချက်စတာ ယူနိုက်တက်မှာတော့ သူက စိတ်ကြိုက် ကစားခွင့်ကို ပြန်ရပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်သာ သူ့နေရာမှာ ဆိုရင် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းသွားပါပြီ။ ကဲ ဒီဂျောင်ရေ မြန်မြန်လေး ပြောင်းစမ်းပါကွာ” လို့ တိုက်တွန်း အကြံပေးသွားခဲ့တာပါ။