ရီးရဲလ်မက်ဒရစ် ၊ စပါး စတဲ့ ဥရောပ နာမည်ကြီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ နယ်သာလန် ဂန္တဝင် ကွင်းလယ်လူ ဗန်ဒါဗတ် ကတော့ ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၂-၁ ပီအက်စ်ဂျီပွဲစဉ်မှာ အသင်းရဲ့ ခံစစ်ပိုင်းကို ကူညီဖို့ ပျက်ကွက်ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီကို ထပ်မံ မေးခွန်းထုတ် ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်နိုင်ဖို့ အတွက် အရေးပါတဲ့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးအသင်းက ပီအက်စ်ဂျီအသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပြီး အဆိုပါ နိုင်ပွဲကြောင့်ပဲ မန်ချက်စတာ စီးတီးအသင်းက အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ကာ ပီအက်စ်ဂျီအသင်း ကတော့ ၁၆သင်းအဆင့်မှာထဲက အသင်းကြီးတွေနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီ ၊ အမ်ဘာပေနဲ့ နေမာတို့ရဲ့ ခံစစ်ကြောင်းကို မကူညီပဲ ကွင်းအတွင်း လုပ်အားနှုန်း ချွေတာခဲ့တဲ့အပေါ် ဝေဖန်မှုတွေ များပြားစွာ ထွက်ပေါ်နေပြီး ပီအက်စ်ဂျီအသင်းက မန်ချက်စတာ စီးတီးအသင်းကို ၈ယောက်ထဲနဲ့ ကစားသွားတယ် ဆိုတဲ့ လှောင်ပြောင်မှုတွေလည်း ရှိလာပါတယ်။

တချိန်က အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရသလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဗန်ဒါဗတ် ကတော့ မန်ချက်စတာ စီးတီးနဲ့ပွဲမှာ ကွင်းအတွင်း လုပ်အားနှုန်း ချွေတာခဲ့တဲ့ မက်ဆီကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး ကွင်းအတွင်း လမ်းလျှောက်နေတာကြောင့် မရှက်ဘူးလား ဆိုတဲ့ မေးခွန်းထုတ်မှုလည်း ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Standard

ဗန်ဒါဗတ်က – “မက်ဆီက ကွင်းထဲမှာ လမ်းပတ်လျှောက်နေတာပဲဗျ။ သူ့ကို ကြည့်ပြီး ကျွန်တော့်ရဲ့ ခေါင်းထဲမှာ မေးခွန်းတခု ပေါ်လာတယ်။ ကွင်းထဲမှာ လမ်းပတ်လျှောက်နေလို့ မရှက်ဘူးလား ဆိုပြီးပေါ့။ ကျွန်တော်က မက်ဆီရဲ့ ကစားပုံကို ကြည့်ပြီး ဒေါသထွက်လာပါတယ်။ ပြီးတော့ ဒီဖြစ်ရပ်က အတော်လေး ရှက်စရာကောင်းပါတယ်။ သူ့လိုမျိုး ကွင်းထဲဝင်ပြီး လမ်းလျှောက်နေတဲ့ ကစားသမားမျိုး နောက်ထပ် တကြိမ် ထပ်ပြီး မပေါ်လာတော့ပါဘူး။ မက်ဆီက ကိုးမန်းရဲ့ လက်အောက်မှာ ကစားထဲက ဒီလိုပုံစံမျိုး ဖြစ်လာတာဗျ။ သူ့ကို ကြည့်ရတာ အလုပ်ကြိုးစားဖို့ မလိုဘူး ဆိုတဲ့ ပုံစံမျိုးပါ။ ဒီလိုမျိုး စိတ်ဓာတ်က မက်ဆီလို အဆင့်အတန်းမျိုးမှာ ရှိနေတဲ့ ကစားသမားဆီမှာ မရှိသင့်ပါဘူး” လို့ မက်ဆီကို ပြစ်တင် ဝေဖန်သွားခဲ့တာပါ။