ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ယခုနှစ် နွေရာသီမှာ သူတို့အသင်းရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် အေဂျက်အသင်းရဲ့ နယ်သာလန် ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်တော့မယ် လို့ သိရှိရပါတယ်။ အပြောင်းအရွှေ့ ရာသီတွေ ရောက်တိုင်းမှာ ကစားသမားတွေ များစွာနဲ့ သတင်းတွေ ထွက်ပေါ်တတ်တဲ့ မန်ယူအသင်း ဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာတော့ ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံ ကစားသမား ဆန်ချို ကို ခေါ်ယူနိုင်ဖို့ အတွက် အပြင်းအထန် ကြိုးစားနေခဲ့ပေမယ့် လက်ရှိမှာတော့ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းကို ဦးစွာ လူအင်အား ဖြည့်တင်းမှု ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Express

မန်ယူအသင်းဟာ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ဖို့ အတွက် အေဂျက်အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၄၀ သန်း ပေးချေရမှာ ဖြစ်ပြီး ဗန်ဒီဘိခ်ကို ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုသွားမှာလည်း ဖြစ်ပါတယ်။ နယ်သာလန် အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ မန်ယူအသင်းအနေနဲ့ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်အောင် ကြိုးစားပေးခဲ့တဲ့သူတွေ ထဲမှာ လက်ရှိ အေဂျက်အသင်းရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ ဗန်ဒါဆားကိုယ်တိုင် ပါဝင်နေပြီး မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ဗန်ဒါဆားဟာ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ အတွက် မန်ယူအသင်းနဲ့ စပါးအသင်းတို့ အပြိုင် ဖြစ်နေချိန်မှာ မန်ယူအသင်းကို ရွေးချယ်ဖို့ အတွက် ဗန်ဒီဘိခ်ကို တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

Photo Credit: Daily Express

အသက် ၂၃ နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဗန်ဒီဘိခ်ဟာ ဗဟိုကွင်းလယ် ၊ ကွင်းလယ်တိုက်စစ် စတဲ့ နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ပင်ကိုယ် ခြေစွမ်းလည်း ကောင်းမွန်တာကြောင့် ကနဦးမှာ လန်ဒန်အခြေစိုက် အသင်းတစ်သင်း ဖြစ်တဲ့ စပါးအသင်းဟာလည်း ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒါဆား ကတော့ ဗန်ဒီဘိခ်ကို မန်ယူအသင်းထံကိုသာ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့သလို မန်ယူအသင်းနဲ့ အေဂျက်အသင်းတို့ကြားမှာ ပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ အားလုံးကို ကိုယ်တိုင် ပါဝင်လုပ်ဆောင်ခဲ့ပြီး အပြောင်းအရွှေ့ ကို ခပ်မြန်မြန် ပြီးပြတ်အောင် ကြိုးစားပေးနေကြောင်း နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano က အတည်ပြုသွားခဲ့ပါတယ်။