နယ်သာလန် ထိပ်သီးကလပ် အေဂျက်အသင်းရဲ့ စီးအီးအို ဖြစ်တဲ့ အက်ဒဝင် ဗန်ဒါဆား ကတော့ သူတို့အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ် နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဗဟိုကွင်းလယ်လူ နေရာနဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်သူ တစ်ဦး ဖြစ်ကာ မန်ယူအသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၄၀ သန်းနဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပြီး မန်ယူအသင်းနဲ့ ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Caught Offside

မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဗန်ဒါဆားဟာ ဗန်ဒီဘိခ်အတွက် မန်ယူအသင်းနဲ့ အေဂျက်အသင်းတို့ရဲ့ ကြားထဲမှာ ဆွေးနွေးမှုတွေ လျင်မြန်စေဖို့ အဓိက လုပ်ဆောင် ပေးခဲ့သူ ဖြစ်ပြီး ဗန်ဒီဘိခ်အတွက် စပါးအသင်းရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာ ပယ်ချခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗန်ဒီဘိခ်အနေနဲ့ မန်ယူအသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း ဗန်ဒါဆားက အတည်ပြု သွားခဲ့သလို ဗန်ဒီဘိခ်ဟာ အလွန်တော်တဲ့ ကွင်းလယ် ကစားသမားတစ်ဦး ဖြစ်တာကြောင့် မန်ယူအသင်းထံ ပြောင်းရွှေ့ကစားဖို့ ထိုက်တန်သူ ဖြစ်ကြောင်းလည်း ဗန်ဒီဘိခ်ကို ခေါ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့တဲ့ မန်ယူအသင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသွားခဲ့ပါတယ်။

Photo Credit: Caught Offside

ဗန်ဒီဘိခ်နဲ့ မန်ယူအသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဗန်ဒါဆားက ” ဒွန်နီ (ဗန်ဒီဘိခ်) ဟာ ဒီအပြောင်းအရွှေ့နဲ့ ထိုက်တန်သူပါ။ သူဟာ အေဂျက်အသင်းအတွက် အရမ်းကောင်းအောင် ကစားပြနိုင်ခဲ့ပါတယ်။ ပြီးတော့ မန်ယူအသင်းဟာ သူ့လို ကစားသမားမျိုးကို အသင်းမှာ လိုအပ်ပါတယ်။ ပြီးတော့ ဒီအပြောင်းအရွှေ့ ဟာ ကျွန်တော်တို့အတွက်ပါ ကောင်းမွန်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့ အားလုံးဟာ ဗန်ဒီဘိခ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြပါတယ်။ ဗန်ဒီဘိခ်ဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ထိုက်တန်သူပါ ” လို့ NOS သတင်းဌာနကို ပြောကြား သွားခဲ့တာပါ။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ယခု ရက်ပိုင်းအတွင်းမှာပဲ မန်ယူအသင်းဟာ ဗန်ဒီဘိခ်ကို ဆေးစစ်တော့မယ်လို့ သိထားရပါတယ်။