တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး ဂိုးသမားတစ်ဦး ဖြစ်ကာ မန်ယူအသင်းရဲ့ ဂန္တဝင် ဂိုးသမား အဖြစ် သတ်မှတ်ခံထားရပြီး လက်ရှိမှာ အေဂျက်အသင်းရဲ့ CEO အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဗန်ဒါဆား ကတော့ လက်ရှိ နွေစျေးကွက် အတွင်းမှာ သူတို့အသင်းကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့ သွားခဲ့တဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ သူ့ရဲ့ အသင်းဖော်ဟောင်း ပေါလ်စခိုးလ်နဲ့ ဆင်တူသူ တစ်ဦး ဖြစ်ကြောင်း ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။ ဗန်ဒါဆားဟာ ပေါလ်စခိုးလ်နဲ့ မန်ယူအသင်းမှာ တွဲကစားခဲ့ဖူးသူ ဖြစ်ကာ ဥရောပ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားပေါင်း များစွာကို အတူ ရယူနိုင်ခဲ့ကြတဲ့ အသင်းဖော်တွေလည်း ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ မန်ယူအသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းခန့်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ကာ လာမယ့် စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် မန်ယူအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့ရဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ ရှိနေသူ တစ်ဦးပါ။ ဗန်ဒီဘိခ်ဟာ သူ့ရဲ့ လုပ်အားနှုန်း ကောင်းမွန်မှုတွေ ၊ နည်းစနစ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုတွေကြောင့် နာမည်ကြီးသူ တစ်ဦး ဖြစ်ပြီး မန်ယူအသင်းမှာ ပေါ့ဘာ ၊ ဖာနန်ဒက် တို့နဲ့ တွဲဖက်ကာ ကစားရမယ့်သူ အဖြစ် ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ ဗန်ဒါဆား ကတော့ ဗန်ဒီဘိခ်ဟာ ပေါလ်စခိုးလ်နဲ့ ဆင်တူသူ ဖြစ်ပြီး ကွင်းလယ်နေရာစုံမှာ ကစားတတ်တဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

Photo Credit: Metro

ဗန်ဒီဘိခ်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး ဗန်ဒါဆားက ” ကျွန်တော်က သူ့ကို စခိုးလ်နဲ့ နည်းနည်း နှိုင်းယှဉ်ချင်ပါတယ်။ ဗန်ဒီဘိခ်ဟာ ကွင်းလယ် နေရာစုံမှာ ကစားနိုင်စွမ်းရှိသူ တစ်ဦးပါ။ သူဟာ နံပါတ် ၆ နေရာ ၊ နံပါတ် ၈နေရာနဲ့ နံပါတ် ၁၀ နေရာတွေမှာ ကစားနိုင်ပါတယ်။ ပြီးတော့ သူ့မှာ သွင်းဂိုးတွေ ရယူနိုင်ဖို့ တကယ်ကောင်းတဲ့ အမြင်တွေလည်း ရှိပါတယ်။ သူ့ရဲ့ နည်းစနစ်ပိုင်းဟာ တကယ်ကို အံ့ဩစရာ ကောင်းပြီး သူက Box to Box လည်း ကစားနိုင်သူပါ။ ကျွန်တော် ကတော့ ဗန်ဒီဘိခ်ကို စခိုးလ်နဲ့ပဲ နှိုင်းယှဉ်ချင်ပါတယ်။ စခိုးလ်ကတော့ ကိုက် ၃၀ ဒါမှမဟုတ် ကိုက် ၄၀ အကွာကနေ သွင်းဂိုးတွေ သွင်းယူနိုင်ပေမယ့် ဒွန်နီမှာတော့ ဒီလိုခွန်အားတွေ ရှိမနေပါဘူး။ ဒါပေမယ့် ဒွန်နီက တစ်ဖက် ဂိုးဧရိယာထဲ ဝင်ပြီး သွင်းဂိုးတွေ သွင်းယူချင်တဲ့ ကစားသမားပါ။ သူ့ကို စခိုးလ်နဲ့ နှိုင်းယှဉ်နေတာက နည်းနည်းတော့ မမျှတရာ ကျပါလိမ့်မယ်။ ဒါပေမယ့် သူ တကယ်ကောင်းတဲ့ ကောင်လေးပါ။ ပြီးတော့ သူဟာ အိုလီ ဖန်တီးနေတဲ့ ယူနိုက်တက်အသင်း အတွက် တကယ် ကောင်းမွန်တဲ့ အင်အား ဖြည့်တင်းမှု တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော် ကျိန်းသေပေါက် ပြောရဲပါတယ် ” လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။