နယ်သာလန် ထိပ်သီးကလပ် အေဂျက်က ယမန်နေ့ညမှာ အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ စတိုင်ဂျန်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ထောက်နည်းပြ ဗန်ဒါဂတ်ကို နည်းပြသစ် အဖြစ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အေဂျက်က ပြီးခဲ့တဲ့ရာသီမှာ ၃နှစ်ဆက်တိုက် ဆွတ်ခူးလာခဲ့တဲ့ အမှတ်ပေးဖလားကို လက်လွှတ်ခဲ့သလို နည်းပြအပြောင်းအလဲ ၂ကြိမ် အထိ လုပ်ခဲ့ပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်သာ ရခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီ အစမှာပဲ တက်သစ်စ နယ်သာလန်နည်းပြ စတိုင်ဂျန်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Photo Credit: Mirror

စတိုင်ဂျန်က ပြီးခဲ့တဲ့ရာသီမှာ နယ်သာလန်ကလပ် စပါတာ ရော့တာဒန်ကို ကိုင်တွယ်ခဲ့ရာ အောင်မြင်မှု တချို့ ရခဲ့တာကြောင့် အေဂျက်ဘုတ်အဖွဲ့က သူ့ကို ယုံယုံကြည်ကြည် နေရာပေးခဲ့တာ ဖြစ်ပေမယ့် စတိုင်ဂျန်ဟာ အေဂျက်မှာတော့ သူ လိုချင်ခဲ့တဲ့ အောင်မြင်မှုတွေကို မရခဲ့ပါဘူး။

စတိုင်ဂျန်ရဲ့ လက်အောက်မှာ အေဂျက်ရဲ့ ကစားပုံက အတော်လေး ဆိုးရွားခဲ့သလို ပြည်တွင်းပြိုင်ပွဲရဲ့ ပွဲစဉ်(၇) အပြီးမှာ ၁ပွဲနိုင် ၊ ၂ပွဲသရေ ၊ ၄ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးနဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်၁၇နေရာ အထိ (၁၈သင်းအနက်) ရောက်ရှိခဲ့ပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ အေဂျက်ဘုတ်အဖွဲ့က ယမန်နေ့ညမှာ စတိုင်ဂျန်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး စတိုင်ဂျန်ကို ရာထူးကနေ ထုတ်ပြီးပြီးချင်းမှာပဲ အေဂျက်ရဲ့ တာဝန်ရှိသူတွေက နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ရဲ့ လက်ထောက်နည်းပြ ဗန်ဒါဂတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပါတယ်။

အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ Mirrorနဲ့ Daily Mailတို့ရဲ့ ဖော်ပြချက်တွေအရ အေဂျက်က နည်းပြဟောင်း ဗန်ဟားလ်ရဲ့ ထောက်ခံချက်ကြောင့် ဗန်ဒါဂတ်ကို နည်းပြသစ် အဖြစ် ခန့်ဖို့ ကြိုးစားခဲ့ပေမယ့် တန်ဟက်ဂ်က သူ့ရဲ့ တပည့်ကို လက်လွှတ်ဖို့ ဆန္ဒမရှိခဲ့သလို ဗန်ဒါဂတ် ကိုယ်တိုင်ကလည်း တန်ဟက်ဂ်နဲ့ အလုပ် တွဲလုပ်ချင်နေသေးတာကြောင့် အေဂျက်ရဲ့ ကမ်းလှမ်းမှု မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။