မနေ့ညက ခြေစမ်းပွဲမှာ လိုင်ယွန်အသင်းဘက်ကို တစ်လုံးတည်းသော သွင်းဂိုး သွင်းယူနိုင်ခဲ့သူ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဒွန်နီ ဗန်ဒယ်ဘိခ်က သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောဆိုဖို့ ခက်ခဲနေပေမယ့် ဒီနွေမှာ ယူနိုက်တက်ကနေ ထွက်ခွာရဖို့ ဖြစ်နိုင်ခြေ ရှိနေတယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Sports Illustrated

   အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိစဉ်ကတည်းက ပွဲကစားခွင့်တွေ မယ်မယ်ရရ မရရှိပဲ ခြေစွမ်းပိုင်းတွေပါ ကျဆင်းသွားခဲ့ရတဲ့ နယ်သာလန် ကွင်းလယ် ကစားသမား ဗန်ဒယ်ဘိခ်က မနှစ်က ဘောလုံးရာသီမှာ သူ့ဆရာဟောင်း အဲရစ် တန်ဟက်ဂ်နဲ့ ပြန်လည် လက်တွဲခဲ့ရပေမယ့်လည်း ၂၀၂၃ နှစ်အစပိုင်းမှာပဲ ဆိုးရွှားလှတဲ့ ဒူးဒဏ်ရာကြီး ရရှိသွားခဲ့တာကြောင့် (၆)လနီးပါး အနားယူလိုက်ရပြီး ယူနိုက်တက်အသင်းရဲ့ ပွဲပေါင်း (၃၈)ပွဲအထိကို လွဲချော်ခဲ့ရပါတယ်။

Photo Credit : Goal

   မနေ့က လိုင်ယွန်အသင်းနဲ့ စကော့တလန်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှ ယူနိုက်တက်အတွက် ပြန်လည် ကစားပေးခွင့် ရရှိခဲ့တဲ့ ဗန်ဒယ်ဘိခ်ဟာ ဝင်ကစားပြီး (၄)မိနစ်အကြာမှာပဲ အသင်းအတွက်ပါ ဂိုးတစ်ဂိုးကို volley kick နဲ့ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးက ခြေစမ်းပွဲမှာ သွင်းယူတဲ့ ဂိုးတစ်ဂိုး ဖြစ်ပေမယ့်လည်း သူ့အတွက်တော့ အရေးပါလှတဲ့ ဂိုး ဖြစ်တယ်လို့ အောင်ပွဲခံမှု ပုံစံနဲ့ ပတ်သက်ပြီး ဗန်ဒယ်ဘိခ်က ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် “ကျွန်တော့် အနာဂတ်က ဘာဆက်ဖြစ်မလဲ ဆိုတာ ပြောဖို့ ခက်ပါတယ်။ ကျွန်တော် ဒဏ်ရာ ပြသာနာကြီးကနေ အခု ပြန်လာနိုင်ပါပြီ။ အခု ကျွန်တော် fit ဖြစ်နေပြီး ပွဲလည်း ပြန်ကစားနေနိုင်ပြီ။ ရက်သတ္တပတ် ကြာအောင်လည်း လေ့ကျင့်ခဲ့တယ်။”

  “အတတ်နိုင်ဆုံး တွန်းအားပေး ကြိုးပမ်းခဲ့ပေမယ့် ဘာမဆို ဖြစ်သွားနိုင်သေးတာမို့ ကျွန်တော့် အနာဂတ်နဲ့ ပတ်သက်ပြီး ပြောဆိုဖို့ဆိုတာက ခက်ခဲပါတယ်။ ဘောလုံးမှာ ဘာတွေ ဖြစ်သွားမလဲဆိုတာကို မသိနိုင်ပါဘူး။ အထူးသဖြင့်တော့ ကျွန်တော့်အတွက်ပေါ့။ ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်ရအောင်” လို့ ဗန်ဒယ်ဘိခ်က ပြောဆိုသွားခဲ့ပါတယ်။