တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နယ်သာလန် ခံစစ် ကစားသမားလေး မစ်ကီ ဗန်ဒီဗန်က သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ပြီလို့ ပြောဖို့ စောသေးပေမယ့်လည်း ဘယ်အသင်းကိုမှ ကြောက်နေစရာ မရှိဘူးလို့ ပြောဆိုလာခဲ့ပါတယ်။
ဗန်ဒီဗန်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ ဘွန်ဒက်စ်လီဂါကလပ် ဝုလ်ဖ်ဘတ်ကနေ စပါးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ဗဟိုခံစစ် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိ အသင်းရဲ့ ခံစစ်ပိုင်းမှာ ရိုမဲရိုးနဲ့အတူ တွဲဖက် ခြေစွမ်းပြနေပါတယ်။
Photo Credit : ESPN
ဗန်ဒီဗန်ရဲ့ စပါးအသင်းက ဟယ်ရီကိန်းလို အဓိက တိုက်စစ်မှူးတစ်ဦး မရှိတော့ချိန်မှာတောင် အသင်းနည်းပြ ပိုစတီကိုဂလူးလက်ထက် အသင်းရဲ့ စွမ်းဆောင်မှုတွေ ပိုမို ကောင်းမွန်လာခဲ့ပြီး ဒီရာသီထဲ ပရီးမီးယားလိဂ် (၇)ပွဲ ကစားပြီးချိန်မှာတောင် နိုင်ပွဲ (၆)ပွဲ သရေပွဲ (၁)ပွဲနဲ့ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။
ဒီလို စွမ်းဆောင်ထားတဲ့ စပါးအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၂)နေရာထိ ရောက်ရှိလို့နေပြီး ထိပ်ဆုံးက မန်စီးတီးအသင်းကိုလည်း (၁)မှတ်ကွာ အနေအထားကနေ ဖိအားပေးလျက် ရှိနေပါတယ်။
Photo Credit : The Football Faithful
အသင်းရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗန်ဒီဗန်က “ဒီနှစ်မှာ ကျွန်တော်တို့အသင်းက အမှတ်ပေးဖလားအတွက် စိန်ခေါ်သူတွေလို့ ပြောဖို့ စောနေသေးပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ကတော့ ဆက်လက်ပြီး ဖိအားပေးသွားဦးမယ်။ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။
“ကျွန်တော်တို့တွေ ဒီရာသီမှာ အကောင်းဆုံးတွေ လုပ်ဆောင်သွားချင်တာမို့ ရာသီကုန်ဆုံးမယ့်အချိန် ကျွန်တော်တို့ ဘယ်လောက်အထိ လုပ်နိုင်ခဲ့မလဲဆိုတာ ဆက်ကြည့်သွားရပါမယ်။ ကျွန်တော်တို့ ဘယ်အသင်းကိုမှ မကြောက်ပါဘူး။ ကျွန်တော် အခု ကစားနေတဲ့ ပုံစံကနေ ဒီထက်မက ပိုပြီး တိုးတက် ကောင်းမွန်လာမယ်လို့လည်း မျှော်လင့်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။