ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက သူတို့ရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဝုဖ်ဘက် ဗဟိုနောက်ခံလူ ဗန်ဒီဗန်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း နယ်သာလန် အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

စပါးက နည်းပြသစ် ပိုစတီဂိုဂလူ ရောက်ရှိလာပြီးနောက် ကစားသမားသစ် ခေါ်ယူမှုတွေကို ဆက်တိုက် လုပ်ဆောင်နေပြီး အသင်းကနေ ထွက်တော့မယ့် ဂိုးသမား လိုရစ်ရဲ့ နေရာအတွက် အီတလီ ဂိုးသမား ဗီကာရီယိုကို ခေါ်ယူထားသလို ကွင်းလယ်ပိုင်း အတွက် အင်္ဂလန် ကွင်းလယ်လူ မက်ဒီဆန်ကို ခေါ်ယူ အားဖြည့်ထားပါတယ်။

Photo Credit: Evening Standard

ဒါ့အပြင် စပါးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းဆီ အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ လာကစားကြတဲ့ ဆွီဒင် တောင်ပံကစားသမား ကူလူဆက်စကီးနဲ့ စပိန်ညာနောက်ခံလူ ပေါ်ရိုတို့ကိုလည်း ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ဝန်းကျင် အသုံးပြုကာ ခေါ်ယူထားပါသေးတယ်။

စပါးက ကစားသမားသစ် ၄ဦး အထိ ခေါ်ယူပြီးပြီ ဖြစ်ပေမယ့် သူတို့အသင်းရဲ့ ဗဟိုခံစစ်အတွက် အားကိုးရမယ့် ခံစစ်မှူး ၁ဦးကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားနေပြီး စပါးရဲ့ နံပါတ်တစ်ပစ်မှတ်က နယ်သာလန်နဲ့ ဝုဖ်ဘက် ခံစစ်မှူး ဗန်ဒီဗန်ပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

အသက် ၂၂နှစ် အရွယ် နယ်သာလန် ယူ-၂၁ လက်ရွေးစင် ဗဟိုနောက်ခံလူ ဗန်ဒီဗန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဝုဖ်ဘက်ရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့သူ ဖြစ်ပြီး သူက ဝုဖ်ဘက်အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ပါတယ်။

နာမည်ကြီး နယ်သာလန် သတင်းထောက် မိုက်ခ် ဗာဝစ်ချ်ရဲ့ ဖော်ပြချက်အရ စပါးက ယမန်နေ့ညမှာပဲ ဗန်ဒီဗန်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး စပါးရဲ့ တာဝန်ရှိသူတွေက ဗန်ဒီဗန်ရဲ့ အပြောင်းအရွှေ့ အတွက် ဝုဖ်ဘက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေကာ ဝုဖ်ဘက်က ဗန်ဒီဗန်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။