MySport Myanmar

ယူနိုက်တက်နဲ့ ဖိုင်နယ်ပွဲကို လုံးဝ မကြောက်ရွှံ့ဘဲ ရင်ဆိုင်သွားမယ်လို့ ဗန်ဒီဗန်း ဆို

တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နောက်ခံကစားသမား မစ်ကီ ဗန်ဒီဗန်းက ဒီလထဲမှာ ကျင်းပမယ့် ယူရိုပါလိဂ်ပြိုင်ပွဲ ဖိုင်နယ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ စပါးအသင်းအနေနဲ့ လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ ရင်ဆိုင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

စပါးအသင်းဟာ ကြာသပတေးနေ့က နော်ဝေကလပ် ဘိုဒိုဂလင့်ကို ၀-၂ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်နှစ်ကျော့ပေါင်း ၁-၅ နဲ့ ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ လာလီဂါကလပ် ဘီလ်ဘာအိုအသင်းကို နှစ်ကျော့ပေါင်း ၇-၁ ဂိုးနဲ့ အနိုင်ယူပြီး ဖိုင်နယ်ဆီ တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit : ESPN

အသင်းနှစ်သင်းစလုံးက ဥရောပပြိုင်ပွဲတွေမှာ ခြေစွမ်းပြနေပေမယ့် ပရီးမီးယားလိဂ်မှာတော့ ရုန်းကန်နေရပြီး စပါးက အဆင့်(၁၆)မှာ ရပ်တည်နေသလို ယူနိုက်တက်ကလည်း အဆင့်(၁၅)နဲ့ စပါးအသင်းထက် တစ်မှတ်အကွာမှာ ရှိနေပါတယ်။ စပါးအသင်းက ဥရောပဖလား နောက်ဆုံးရခဲ့တာ နှစ်(၄၀)ကျော် ရှိနေပြီဖြစ်ပြီး ယူနိုက်တက်ကတော့ ၂၀၁၇ မှာ ယူရိုပါလိဂ်ဖလားကို နောက်ဆုံးရရှိခဲ့သလို ၂၀၂၁တုန်းကလည်း ဖိုင်နယ် တက်လှမ်းထားခဲ့ပါသေးတယ်။

ဒါ့အပြင် စပါးအသင်းက ဖလားလက်မဲ့ ဘောလုံးရာသီပေါင်းများစွာ ဖြတ်ကျော်လာခဲ့ရတာ အတော်လေး ကြာမြင့်နေပြီဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ဖိုင်နယ်တက်လှမ်းထားတုန်းက လီဗာပူးလ်ကို ရှုံးနိမ့်ကာ ဆုဖလားနဲ့ လွဲချော်ထားခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒီဗန်းကတော့ အခု ဗိုလ်လုပွဲမှာ ဖလားကို လန်ဒန်မြို့ဆီကို ယူဆောင်သွားနိုင်ဖို့အတွက် ဘာကိုမှ ကြောက်ရွံ့နေလို့ မရဘူးလို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

Photo Credit : The Sun

“ဘီလ်ဘာအိုကို လူတိုင်းက ဖလားဆွတ်ခူးဖို့ သွားကြတာပါ။ ဒီရာသီက ခက်ခဲတဲ့ ရာသီတစ်ခုဖြစ်ပြီး ယူရိုပါလိဂ်မှာ ဖလားရမှသာ အောင်မြင်တယ်လို့ ပြောနိုင်မှာပါ။ ယူနိုက်တက်ကလည်း တကယ်ကို အရည်အသွေးကောင်းတဲ့ အသက်လက်တစ်ကလပ်(ဘီလ်ဘာအို)နဲ့ ကစားခဲ့ပြီး နှစ်ကျော့ပေါင်း ၇-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် သူတို့လည်း ဥရောပမှာ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။”

“ဖိုင်နယ်ပွဲဆိုတာ မတူညီတဲ့ ပွဲစဉ်တစ်ခုဖြစ်မှာဖြစ်ပြီး ဘာမဆို ဖြစ်ပျက်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြောက်ရွံ့စိတ်နဲ့ သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေကို သိပါတယ်။ ခက်ခဲတဲ့ပွဲစဉ် ဖြစ်မယ်ဆိုတာ သိပါတယ်။ ယူနိုက်တက်က ဒီဥရောပပြိုင်ပွဲမှာ သူတို့ရဲ့ အရည်အသွေးတွေကို ပြသခဲ့ပြီးပါပြီ။” လို့ ဗန်ဒီဗန်းက ပြောကြားခဲ့ပါတယ်။

Exit mobile version