မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ရဲ့အေးဂျင့်ဖြစ်သူ ရှက်ဆွက်က သူရဲ့ကစားသမားကို ယူနိုက်တက်အသင်းဘက်ကနေ ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲဆက်တိုက် ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုပဲ အရန်ကစားသမားအဖြစ်သာ သုံးစွဲနေတဲ့အပေါ် ပြစ်တင်ဝေဖန်လိုက်ပြီး ဘရိုက်တန်နဲ့ပွဲမှာလည်း ဗန်ဒယ်ဘိခ်ကို ပွဲထွက်ကစားသမားစာရင်းမှာ ထုတ်မသုံးခဲ့ပဲ ပွဲပြီးခါနီးမှ အသုံးပြုခဲ့ခြင်းဟာ လုံးဝမဖြစ်သင့်ကြောင်းနဲ့ တကယ်ဆိုရင် အဲ့ဒီပွဲမှာ ယူနိုက်တက်အသင်းက (၇)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့သင့်တာဖြစ်ကြောင်း ဝေဖန်စကားဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အေဂျက်စ်အသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့တောင်ပံကစားသမားဟောင်းကြီး ရှက်ဆွက်က သူရဲ့ကစားသမား ဗန်ဒယ်ဘိခ်ရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး “ဒွန်နီကို ပွဲပြီးခါနီးမှ လူစားလဲကစားသမားအဖြစ် အသုံးပြုတယ်။ ကျွန်တော်ကတော့ ဒီလိုလုပ်တာကို လုံးဝသဘောမကျနိုင်ဘူး။ ကျွန်တော်ပြောပါတယ်။ ဒွန်နီက ပင်နယ်တီကန်တာရော အသင်းအတွက် လိုအပ်နေတဲ့ အနိုင်ဂိုးဖြစ်လာဖို့အတွက် စွမ်းဆောင်ပေးတာရော သူ့ကြောင့် အသင်းက အနိုင်ရလဒ်ကို ပိုင်ဆိုင်ရနိုင်တာကိုရောပါ လုပ်ပေးနိုင်တဲ့သူလို့။ ဒါပေမယ့် ဒီပွဲမှာတော့ သူတို့တွေက (၇)ဂိုး(၁)ဂိုးနဲ့လောက်နဲ့ကို အရေးနိမ့်သွားသင့်တာ”

Photo Credit : The Empire of Kop

“ဘရိုက်တန်ဘက်က ဂိုးကန်ချက် (၅)ကြိမ်က တိုင်ထိခဲ့ရတာကို။ ဘရိုက်တန်က တကယ့်ကို ကောင်းမွန်လှတဲ့ အသင်းတစ်သင်းပါ” လို့ ပြောဆိုခဲ့ပြီး ယူနိုက်တက်ကိုပါ ဝေဖန်သွားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ကစားသမားသစ် ဗန်ဒယ်ဘိခ်ကို အသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်အတွင်း ဒုတိယပိုင်းရောက်မှသာ လူစားလဲခဲ့ရတာဖြစ်ပေမယ့် ဗန်ဒယ်ဘိခ်ကတော့ အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဗန်ဒယ်ဘိခ်ဟာ လူတန်တောင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာပဲ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာခဲ့ကာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ပွဲပြီးခါနီး (၄)မိနစ်အလိုလောက်မှသာ လူစားဝင်ကစားစေတာဖြစ်လို့ အသင်းပရိသတ်တွေရော ဗန်ဒယ်ဘိခ်ရဲ့အေးဂျင့်ကပါ ဒေါသထွက်ခဲ့ရတာဖြစ်ပါတယ်။ အခုလို ဗန်ဒယ်ဘိခ်ကို ပွဲထွက်ကစားသမားအဖြစ် မသုံးသေးတာနဲ့ပတ်သက်ပြီး ယူနိုက်တက်ကစားသမားဟောင်းတချို့က ဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်နေကြပြီး လီဗာပူးလ်ကစားသမားဟောင်း ဒန်နီမာဖီကပါ ပေါ့ဘာနဲ့ဖာနန်ဒက်စ်ကို တွဲကစားစေတာထက် သူတို့တစ်ဦးဦးကိုပဲ ဗန်ဒယ်ဘိခ်နဲ့ တွဲကစားစေတာကမှ အသင်းအတွက် ပိုပြီးအကျိုးရှိစေမယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။