MySport Myanmar

ဖရန့်ဖတ်က အပြီးသတ် မခေါ်ယူလို့ မန်ယူဆီကိုသာ ပြန်လာရတော့မယ့် ဗန်ဒီဘိခ်

နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီ ဗန်ဒီဘိခ်ကတော့ ဒီရာသီကုန်အထိ အငှားစာချုပ်နဲ့ ပါဝင်ကစားနေတဲ့ ဖရန့်ဖတ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ခွင့် ရရှိတော့မှာ မဟုတ်တာကြောင့် မူလကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဆီကိုသာ ပြန်လာရတော့မှာပဲ ဖြစ်ပါတယ်။

အသက် (၂၆)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် အေဂျက်စ်ကစားသမားဟောင်း ဗန်ဒီဘိခ်ဟာ အေဂျက်စ်မှာ ကစားခဲ့စဉ်တုန်းက တကယ့်ကို အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသခဲ့တာကြောင့် သူ့ကို ယူနိုက်တက်အသင်းက တခြားအသင်းတွေနဲ့အပြိုင် အရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

ဒါပေမယ့်လည်း ဗန်ဒီဘိခ်က ယူနိုက်တက်အသင်းမှာ ထင်ထားသလို မဖြစ်လာခဲ့ပဲ ပုံမှန်ခြေစွမ်းပြဖို့ရော ပုံမှန်ပွဲကစားခွင့် ရရှိဖို့ပါ အတော်လေး ရုန်းကန်ခဲ့ရပြီး နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ပွဲကစားခွင့်တွေ ပျောက်ဆုံးလာခဲ့ရပါတော့တယ်။

ဒီလို အခြေအနေတွေကြောင့် ဗန်ဒီဘိခ်က ၂၀၂၁-၂၂ ဘောလုံးရာသီရဲ့ ရာသီဝက်မှာပဲ အဲဗာတန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး အဲဗာတန်ကလည်း သူ့ကို အပြီးသတ် မခေါ်ယူခဲ့ပဲ အငှားသက်တမ်း ပြည့်ချိန်မှာပဲ ယူနိုက်တက်ဆီ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။

Photo Credit : Football365

အခုလည်း ဖရန့်ဖတ်အသင်းဆီကို ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး အငှားအပြောင်းအရွှေ့မှာပါ ယူရို(၁၄)သန်းတန် အပြီးသတ် ခေါ်ယူခွင့်လည်း ပါဝင်ထားခဲ့ပေမယ့် လက်ရှိမှာတော့ ဖရန့်ဖတ်အသင်းက ဗန်ဒီဘိခ်ကို သူတို့အသင်းဆီ အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။

ဗန်ဒီဘိခ်အနေနဲ့ကလည်း သူ့ကို ဖရန့်ဖတ်ကသာ အပြီးသတ် မခေါ်ယူဘူးဆိုရင် ယူနိုက်တက်ဆီကိုပဲ ပြန်သွားရမှာ ဖြစ်ပေမယ့် ယူနိုက်တက်မှာလည်း နေရာပျောက်ဦးမှာမို့ သူ့အတွက် အဆင်ပြေမယ့် ကလပ်အသင်းသစ် တစ်သင်းသင်းကို ထပ်မံ ပြောင်းရွှေ့သွားရနိုင်ပါတယ်။

Exit mobile version