ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒိဘိခ်ဟာ မျှော်မှန်းထားသလောက် ကစားခွင့် မရတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းသစ် တသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း နာမည်ကြီး သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အေဂျက်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၃၄သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ပွဲဦးထွက်မှာတင် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အရေးပါလာမယ့် ကစားသမား တဦး အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။

Photo Credit: Standard

ဒါပေမယ့် တကယ်တမ်းမှာတော့ ဗန်ဒီဘိခ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကလည်း သူ့ကို ယုံကြည်မှု မရှိတာကြောင့် အရေးမပါတဲ့ ပွဲစဉ် အနည်းငယ်ကိုသာ ကစားခွင့်ရခဲ့ပါတယ်။

ဒါကြောင့်ပဲ နယ်သာလန် လက်ရွေးစင်အသင်းရဲ့ နည်းပြ ဗန်ဟားလ်က ကလပ်အသင်းမှာ ပွဲထွက်ခွင့် နည်းပါနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗန်ဒိဘိခ်ကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်မှုတွေ ပြုလုပ်ခဲ့သလို ဗန်ဒီဘိခ်အနေနဲ့ လာမယ့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်တယ်ဆိုရင် ပွဲထွက်ခွင့် ရဖို့ လိုအပ်ကြောင်း သတိပေးခဲ့ပါတယ်။

Photo Credit: Standard

ကနဦးမှာတော့ ဗန်ဒီဘိခ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်း၌သာ ဆက်လက် ကစားပြီး ပွဲထွက်ခွင့် ရရှိနိုင်ရန် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဗီလာရီးရဲလ်ပွဲမှာ တော်မီနေး ၊ ဖရက်ဒ်နဲ့ မာတစ်တို့က သူ့ကို ကျော်ပြီး ကစားခွင့် ရခဲ့တဲ့နောက် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချခဲ့ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နာမည်ကျော် သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဗန်ဒီဘိခ် တယောက် မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြုပေးခဲ့ပြီး ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်တဲ့ အသင်းဟာ ကစားသမားကောင်း တဦးကို ရရှိမှာ ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။