ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာပဲ ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ် ပဲလေ့စ်ဆီ ပြောင်းရွှေ့ ကစားချင်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၉သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင်ရောက်ရှိချိန်ကတည်းက ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသူပါ။

Photo Credit: Express

ဗန်ဒီဘိခ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ၁ရာသီခွဲကြာ ကစားခဲ့ရာ အသင်းအတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၈၃၆မိနစ်သာ ကစားပေးခဲ့ရပြီး ၂ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့်ပဲ ဗန်ဒီဘိခ်ဟာ နယ်သာလန် လူစာရင်းကနေ ချန်လှပ်ခံထားရပြီး ဗန်ဒီဘိခ်ကတော့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို နယ်သာလန်နဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ ဗန်ဒီဘိခ်ကို အပြီးသတ် ရောင်းချဖို့ထက် ရာသီဝက်အငှားနဲ့သာ လက်လွှတ်ဖို့ ဆုံးဖြတ်ထားကာ ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ် ပဲလေ့စ်က ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗန်ဒီဘိခ်ဟာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာပဲ ခရစ္စတယ် ပဲလေ့စ်ဆီ ပြောင်းရွှေ့ချင်ကြောင်းကို သူနဲ့ နီးစပ်တဲ့ မိသားစုဝင်တွေကို ပြောကြားထားပြီး ဗန်ဒီဘိခ်ရဲ့ ယောက္ခထီးဖြစ်သူ ဘားကမ့်ကလည်း သူ့ရဲ့ သမက်က ပဲလေ့စ်ဆီ ပြောင်းရွှေ့ချင်နေကြောင်းကို သူ့ရဲ့ အသင်းဖော်ဟောင်းလည်းဖြစ် ၊ ပဲလေ့စ်နည်းပြလည်း ဖြစ်တဲ့ ဗီအဲရာကို ပြန်လည် ဖောက်သည်ချခဲ့ကြောင်းလည်း သိရှိရပါတယ်။