ပိတ်သိမ်းသွားတဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ကနေ အဲဗာတန်ထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်ကတော့ သူ့အနေနဲ့ အဲဗာတန်ဆီ ပြောင်းရွှေ့လာရတာက အဲဗာတန် နည်းပြသစ် လမ်းပတ်ဆီ ကနေ လေ့လာသင်ယူမှုတွေ ပြုလုပ်နိုင်မယ်လို့ ယုံကြည်ထားတာကြောင့် ဖြစ်ကြောင်း အဲဗာတန် ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြ ကစားနိုင်လိမ့်မယ်လို့ မျှော်မှန်းခံခဲ့ရပေမယ့် တကယ်တမ်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။

 

Photo Credit: BBC

ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်းရှိတဲ့ ဗန်ဒီဘိခ်ဟာ လုပ်အားနှုန်း ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်သလို ဘောလုံးအမြင်လည်း စူးရှပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှု အားနည်းချက်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် နည်းပြအဖွဲ့ဝင်တွေက သူ့ကို ပွဲထွက်ခွင့် ပေးဖို့ တွန့်ဆုတ်ခဲ့တာပါ။

ဒါကြောင့်ပဲ ဗန်ဒီဘိခ်က သူဟာ ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှု အသားပေးတဲ့ လိဂ်တခုမှာ ခြေစွမ်းပြ ကစားနိုင်ကြောင်းကို သက်သေပြဖို့ အဲဗာတန်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ဗန်ဒီဘိခ်ဟာ အဲဗာတန်မှာ ကျောနံပါတ် ၃၀ကို ဝတ်ဆင် ကစားသွားဖို့ ရှိနေပါတယ်။

Photo Credit: BBC

ဗန်ဒီဘိခ်ဟာ ကနဦးမှာ ခရစ္စတယ် ပဲလေ့စ်ဆီ ပြောင်းရွှေ့ ကစားဖို့ နီးစပ်ခဲ့ပေမယ့် အဲဗာတန်က လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အဲဗာတန်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ဗန်ဒီဘိခ်က သူဟာ လမ်းပတ်ဆီကနေ သင်ယူမှုတွေ အများကြီး ပြုလုပ်နိုင်ဖို့ မျှော်မှန်းထားကြောင်း ဆိုပါတယ်။

ဗန်ဒီဘိခ်က – “ကျွန်တော်က လမ်းပတ်နဲ့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။ ဘောလုံးနဲ့ ပတ်သတ်ရင် ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ တူညီတဲ့ အတွေးအမြင်တွေ ရှိပါတယ်။ ဒါကြောင့်ပဲ သူက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အပေါ် အများကြီး လွှမ်းမိုးမှု ရှိခဲ့တာပါ။ ကျွန်တော် အေဂျက်မှာ ကစားနေတုန်းက လမ်းပတ်နဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖူးပါတယ်။ အဲ့ဒီတုန်းက သူဟာ ချယ်လ်ဆီးမှာပဲ ရှိနေပါသေးတယ်။ ဒါကြောင့် သူက ကျွန်တော့်ကို ကောင်းကောင်းကြီး သိပါတယ်။ ပြီးတော့ ကျွန်တော်က အဲဗာတန်ကို ကူညီနိုင်မယ်လို့လည်း ပြောခဲ့ပါသေးတယ်။ ကျွန်တော်နဲ့ သူနဲ့ ကစားတဲ့ နေရာချင်းက ဆင်တော့ သူ့ဆီကနေ အများကြီး သင်ယူနိုင်မယ်လို့ ထင်ပါတယ်။ သူက ကွင်းလယ်လူ တယောက် ဖြစ်ပေမယ့် သွင်းဂိုးတွေ အများကြီး သွင်းယူနိုင်တဲ့သူပါ။ ဒါကြောင့် သူက ကျွန်တော့်ကို အများကြီး ကူညီနိုင်ပါလိမ့်မယ်” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။