မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီ ဗန်ဒီဘိခ်က ယူနိုက်တက်မှာ ပွဲကစားခွင့်တွေ အလွန် နည်းပါးလွန်းနေတာကြောင့် လာမယ့် ဈေးကွက်မှာပဲ အသင်းပြောင်းဖို့ ရှိနေပြီး အေးဂျင့်ဖြစ်သူကလည်း ဘာစီလိုနာအသင်းကို ဆက်သွယ်မှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။

အသက် (၂၆)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ၂၀၂၀ခုနှစ်ကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ပေါင် သန်း(၄၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းအတွက် စတုတ္ထမြောက်ရာသီကို ဖြတ်သန်းနေပေမယ့် ပြိုင်ပွဲစုံ (၆၂)ပွဲသာ ကစားထားခဲ့ရပါတယ်။

Photo Credit : TEAMtalk

အေဂျက်စ် ကစားသမားဟောင်း ဗန်ဒီဘိခ်ဟာ ဒီရာသီမှာလည်း ယူနိုက်တက်အတွက် (၂)ပွဲသာ ကစားထားခဲ့ရပြီး အဲ့ဒီ (၂)ပွဲမှာလည်း ပွဲချိန် (၂၁)မိနစ်သာ ကစားထားခဲ့ရပါတယ်။ ဒဏ်ရာ ပြသာနာတွေ ရရှိတက်သူ ဖြစ်ပေမယ့်လည်း လက်ရှိမှာ အပြည့်အဝ ကြံခိုင်နေတဲ့ ဗန်ဒီဘိခ်ဟာ အခုလို ပွဲကစားခွင့် မရနိုင်တဲ့အပေါ် စိတ်ပျက်လို့နေပါတယ်။

ယူနိုက်တက်အနေနဲ့ကလည်း လာမယ့် ဈေးကွက်အတွင်းမှာ ဗန်ဒီဘိခ် အပါအဝင် ဆန်ချိုနဲ့ တခြားကစားသမားတွေကို ရောင်းချသွားဖို့ ရှိနေပြီး ဗန်ဒီဘိခ်ရဲ့ အေးဂျင့်ဟာလည်း ဘာစီလိုနာ ဂျုဗင်တပ်စ်အသင်းတို့ထံ ဆက်သွယ်မှုတွေ လုပ်ဆောင်လာပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းက လက်ရှိမှာ အသင်းရဲ့ စပိန် ကွင်းလယ်ကစားသမား ဂါဗီ ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူနေရသလို ဂျုဗင်တပ်စ်မှာလည်း ကွင်းလယ်လူ ပေါ့ဘာ ပွဲပယ်ပြစ်ဒဏ် ကျခံနေရတာကြောင့် ဒီကစားသမားတွေ နေရာအတွက် ဗန်ဒီဘိခ်ကို အလိုရှိလာခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျုဗင်တပ်စ်က ဆန်ချို နဲ့ ဗန်ဒီဘိခ်တို့ နှစ်ဦးလုံးကို ခေါ်ယူသွားဖို့ စီစဉ်နေပြီး ဗန်ဒီဘိခ်ကတော့ ဂျုဗင်တပ်စ်အသင်းထက် သူရဲ့အသင်းဖော်ဟောင်း ဒီဂျောင်ရှိရာ ဘာစီလိုနာအသင်းဆီ ပိုမို ပြောင်းရွှေ့ချင်နေကာ ဘာစီလိုနာကလည်း ဗန်ဒီဘိခ်ကို အငှားနဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။