မန်ယူအသင်းရဲ့ဘယ်အစွန်နောက်ခံလူ လုရှော့ကတော့ အသင်းဖော် ကွင်းလယ်ကစားသမားသစ် ဖြစ်သူ ဗန်ဒီဘီကို လူကောင်း ဖြစ်ပါတယ်လို့ ချီးကျူးခဲ့တာ ဖြစ်ပြီး မန်ဒီဘီအနေနဲ့ မန်ယူအသင်းမှာ ကောင်းမွန်စွာ အံ့ဝင်ကျလိမ့်မယ်လို့လည်း MUTV သတင်းမှာ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားဟာ လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ကွင်းလယ် ကစားသမား ဗန်ဒီဘီကို အေဂျက်အသင်းကနေ ပေါင် (၃၅) သန်းနဲ့ ခေါ်ယူခဲ့နိုင်ခဲ့ပြီး ကွင်းလယ်လူ ဗန်ဒီဘီက လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ မန်ယူအသင်းရဲ့တစ်ခုတည်းသော ခေါ်ယူမှု ဖြစ်ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဗန်ဒီဘီဟာ ပြီးခဲ့တဲ့ စနေနေ့ညက အက်စတွန်ဗီလာအသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ မန်ယူအသင်းအတွက် ပွဲဦးထွက် ပွဲစဉ်ကို ကစားသွားခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာ ကွင်းလယ်လူ ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့နဲ့ အတူ မန်ယူအသင်းမှာ တွဲကစားသွားရမှာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ဗန်ဒီဘီဟာ မန်ယူအသင်းမှာ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ်တို့ကို ကျော်ပြီး ပွဲထွက်ခွင့် ရဖို့ ခက်ခဲနိုင်ချေ ရှိပေမယ့်လည်း မန်ယူအသင်းရဲ့ နောက်ခံလူ လုရှော့က ဗန်ဒီဘီအနေနဲ့ ပွဲကစားချိန် ရရှိနိုင်မှာ ဖြစ်ပြီး မန်ယူအသင်းမှာ ကောင်းစွာ အံ့ဝင်ကျလိမ့်မယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

MUTV သတင်းမှာ မန်ယူ နောက်ခံလူ လုရှော့က “တကယ် ကောင်းပါတယ်။ ဒီကိစ္စက ပွဲထွက်ချိန် မိနစ် အပေါ်မှာ မူတည်ပြီး သူ ပွဲထွက်ချိန် ရရှိပါလိမ့်မယ်။ သူက ကျွန်တော်တို့တွေနဲ့ ကာလရှည် ရှိနေခဲ့တဲ့ သူ မဟုတ်ပါဘူး။ သူက လက်ရွေးစင် တာဝန် ထမ်းဆောင်ခဲ့တဲ့ သူပါပဲ။ ဒီတော့ သူ ကျွန်တော်တို့နဲ့ လေ့ကျင့်ရေး (၂) ရက်ကြာသာ ဆင်းခဲ့ပြီး ကောင်းမွန်စွာ ကစားသွားနိုင်ခဲ့ပါတယ်။ အရေးကြီးဆုံးအရာက သူ ကစားသမားတွေနဲ့ သိကျွမ်းလာဖို့ နဲ့ တစ်ယောက်ချင်းစီ ဘယ်လို ပုံစံ ကစားလဲ ဆိုတာ သိလာဖို့ပါပဲ။ ကျွန်တော်တို့မှာ သူနဲ့ သိနိုင်ဖို့ အချိန် (၁) ပတ်အထိ ရနေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ အလွန် ကောင်းပါတယ်။ သူက တကယ့် လူကောင်း ဖြစ်ပြီေးတာ့ မန်ယူအသင်းမှာ ကောင်းမွန်စွာ အံ့ဝင်ကျမယ်လို့ သေချာပြောရဲပါတယ်”လို့ ပြောခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁) ကို နောက်အပတ် (၁၉) ရက်မှာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၃) နေရာကို ရရှိခဲ့တာကြောင့် လက်ရှိရာသီမှာ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်ပါတယ်။