အေဂျက်အသင်းနဲ့ နယ်သာလန် လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ အရမ်းကို နီးစပ်တဲ့ အနေအထားတစ်ခုမှာ ရှိနေတယ်လို့ ဥရောပ အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဗန်ဒီဘိခ်ဟာ ဗဟိုကွင်းလယ်လူ နေရာနဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်သူ တစ်ဦး ဖြစ်ပြီး အေဂျက်အသင်းနဲ့ ၂၀၂၂ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေပေမယ့် လက်ရှိ နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာလိုပါက ထွက်ခွာခွင့်ကို ရရှိထားတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Express

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရတော့ ဗန်ဒီဘိခ်ဟာ အေဂျက်အသင်း ကနေ ထွက်ခွာကာ အင်္ဂလန် ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ကာ ကစားဖို့ ဆန္ဒရှိနေတယ် လို့ သိထားရပြီး ယနေ့ မနက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ဗန်ဒီဘိခ်ဟာ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဗန်ဒီဘိခ်ဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ အေဂျက်အသင်းနဲ့ ဖရန့်ဖတ်အသင်းတို့ရဲ့ ခြေစမ်းပွဲမှာ အေဂျက်အသင်းအတွက် ဝင်ရောက် ကစားပေးနိုင်ခဲ့ခြင်း မရှိပဲ ပွဲကြည့်စင်မှာသာ ရှိနေခဲ့ကာ ဗန်ဒီဘိခ်ကို ခြေစမ်းပွဲအတွက် မရွေးခဲ့တာဟာ ဗန်ဒီဘိခ်အနေနဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေ လုပ်ဆောင် နေတာကြောင့် ဖြစ်ကြောင်း အေဂျက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ်က ဖရန့်ဖတ်နဲ့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Express

ဒါ့အပြင် ဗန်ဒီဘိခ်ဟာ မန်ယူအသင်းထံ ပြောင်းဖို့ ဆွေးနွေးနေတယ် ဆိုတဲ့ သတင်းတွေကိုလည်း အဲရစ်က ငြင်းဆန်သွားခြင်း မရှိပါဘူး။ ဖရန့်ဖတ်နဲ့ ပွဲအပြီးမှာ သတင်းထောက် တစ်ဦးက ” ဗန်ဒီဘိခ်အနေနဲ့ မန်ယူအသင်း ဒါမှမဟုတ် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေတာကို ဘယ်လိုမြင်လဲ ” လို့ အဲရစ်ကို မေးမြန်းခဲ့ပြီး အဲရစ်ကတော့ ” သူ့ရဲ့ အပြောင်းအရွှေ့ ကိစ္စဟာ တိုးတက်မှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့်ပဲ သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တာပါ ” လို့ ဖြေကြား သွားခဲ့ပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Fabrizio Romano ကတော့ ဘာစီလိုနာအသင်း ဟာ ဗန်ဒီဘိခ်ကို စိတ်ဝင်စားနေတဲ့ သတင်းတွေဟာ မှားယွင်းနေတယ် လို့ အတည်ပြု ထားတာကြောင့် ဗန်ဒီဘိခ်ဟာ မန်ယူအသင်းထံ ပြောင်းဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း ကောက်ချက်ချလို့ ရပါတယ်။