ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ် ကတော့ ခရစ္စတယ် ပဲလေ့စ်ဆီ ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ နီးစပ်မှု ရှိနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။
Photo Credit: Sky Sports
ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ဗန်ဒီဘိခ်ဟာ အေဂျက်မှာ ရှိနေစဉ်က ပုံမှန် ပွဲထွက်ခွင့် ရရှိခဲ့သလို ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာတော့ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရသလို ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခြင်းလည်း မရှိသေးပါဘူး။
ဒါကြောင့်ပဲ ဗန်ဒီဘိခ်က လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်နဲ့ အတူ ပါဝင် ယှဉ်ပြိုင်ခွင့် ရဖို့ အတွက် ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေပြီး ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ် ပဲလေ့စ်ဆီ ပြောင်းရွှေ့ဖို့ကိုလည်း ခေါင်းညိတ်ထားပါတယ်။
Photo Credit: Sky Sports
နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့ဟာ ဗန်ဒီဘိခ်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး နှစ်သင်းကြားမှာ သဘောတူညီမှု ရရှိဖို့ နီးစပ်နေကြောင်းလည်း သိရပါတယ်။
အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ The Athletic သတင်းဌာနကလည်း ဗန်ဒီဘိခ်အနေနဲ့ ခရစ္စတယ် ပဲလေ့စ်ဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း အတည်ပြုပေးထားပြီး ဗန်ဒီဘိခ်ဟာ ခရစ္စတယ် ပဲလေ့စ်ဆီ ရာသီဝက်အငှားနဲ့သာ ပြောင်းရွှေ့ ကစားဖို့ ရှိနေကြောင်း ဆိုပါတယ်။