ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတာကြောင့် ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ အသင်းပြောင်းဖို့ လုပ်ဆောင်နေတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ကနဦးမှာ ခရစ္စတယ် ပဲလေ့စ်ဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ အဲဗာတန်ဆီသာ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သိရပါတယ်။
အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။
Photo Credit: Daily Mail
ဗန်ဒီဘိခ်ဟာ အေဂျက်မှာ ရှိနေစဉ်က အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှု အသားပေး ကစားလေ့ ရှိတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ရောက်လာချိန်မှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့်လည်း မရထားပါဘူး။
ဒါကြောင့်ပဲ ဗန်ဒီဘိခ်ဟာ သူက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ကြောင်းကို ပြသချင်တာကြောင့် သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးမယ့် ပရီးမီးယားလိဂ် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ကနဦးမှာတော့ ခရစ္စတယ် ပဲလေ့စ်က ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ နီးစပ်နေခဲ့ပါတယ်။
ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတွေထဲက တသင်း ဖြစ်တဲ့ အဲဗာတန်က ဒါဘီနဲ့ ချယ်လ်ဆီး နည်းပြဟောင်း လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ပြီးနောက် ဗန်ဒီဘိခ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီး လမ်းပတ်ကလည်း ချယ်လ်ဆီးမှာ ရှိနေစဉ်ကတည်းက သူ ခေါ်ယူချင်ခဲ့တဲ့ ဗန်ဒီဘိခ်ကို ကိုယ်တိုင် ဖုန်းဆက်ကာ သူနဲ့ လာရောက် ပူးပေါင်းဖို့ စည်းရုံးခဲ့ပါတယ်။
Photo Credit: Daily Mail
နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အဲဗာတန်ဟာ ဗန်ဒီဘိခ်ကို အငှားနဲ့ ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ သဘောတူညီမှု ရခဲ့ပြီး အဲဗာတန်က ဗန်ဒီဘိခ်ကို အငှားနဲ့ ခေါ်ယူထားစဉ် ကာလအတွင်းမှာ သူ့ရဲ့ လုပ်ခလစာ အားလုံးကို ပေးချေဖို့ သဘောတူထားကြောင်း သိရပါတယ်။
လက်ရှိမှာတော့ ဗန်ဒီဘိခ်က အဲဗာတန်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့ နှစ်သင်းအနက် ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲ ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရဖို့ ရှိနေပြီး လမ်းပတ်ရဲ့ ဖိတ်ခေါ်မှုကြောင့် ဗန်ဒီဘိခ်က အဲဗာတန်ကို ရွေးချယ်ဖို့ အခွင့်အရေး ပိုမို များပြားနေကြောင်းလည်း ဗန်ဒီဘိခ်နဲ့ နီးစပ်သူ တဦးက ဆိုပါတယ်။