MySport Myanmar

ဗန်ဒီဘိခ်ရဲ့ ယူနိုက်တက် ကစားသမားဘဝကို ဒဏ်ရာတွေက ဖျက်ဆီးခဲ့တာလို့ တန်ဟက်ဂ် ဆို

မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ကစားသမားဟောင်း ဒွန်နီ ဗန်ဒီဘိခ်ရဲ့ ယူနိုက်တက် ကစားသမားဘဝဟာ ဒဏ်ရာ အခြေအနေဆိုးတွေကြောင့်သာ အခုလို ပျက်ဆီးသွားခဲ့ရတာလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် နွေဈေးကွက်ကမှ ယူနိုက်တက်က အေဂျက်စ်အသင်းကနေ ပေါင် သန်း(၄၀)နဲ့ ပြောင်းရွှေ့ခဲ့ပြီး ဘောလုံးရာသီ (၃)ရာသီကျော်အတွင်းမှာ ဗန်ဒီဘိခ်က ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၆၂)ပွဲသာ ကစားခဲ့ရပါတယ်။

Photo Credit : The Independent

အေဂျက်စ်မှာ အလွန် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဗန်ဒီဘိခ်က ဆိုးလ်ရှား ရန်းညက် နဲ့ ဆရာဟောင်း တန်ဟက်ဂ် လက်ထက်မှာပါ ယူနိုက်တက်အတွက် သေသေချာချာလေး ကစားခွင့် မရရှိပဲ အရန်ကစားသမား အဖြစ်နဲ့ပဲ ကျင်လည်ခဲ့ရသလို အဲဗာတန်နဲ့ အခုလည်း ဖရန့်ဖတ်မှာ အငှားထွက် ကစားနေရပါတယ်။

ဗန်ဒီဘိခ်နဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “ပထမဆုံးအနေနဲ့ သူ့မှာ ဒဏ်ရာတွေ အများကြီး ရရှိခဲ့တယ်။ ကျွန်တော် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ စတင် ရောက်ရှိချိန်တုန်းက သူဟာ အေဂျက်စ်မှာတုန်းကလို ကစားသမားမျိုး ဖြစ်မနေတော့ပါဘူး။ အဲ့ဒါကလည်း သူရဲ့ ဒဏ်ရာ ပြသာနာတွေကြောင့်ပါ။”

Photo Credit : Manchester Evening News

“သူ့မှာ ဒဏ်ရာကြောင့် ပွဲကစားခွင့်တွေ အကြိမ်ပေါင်းများစွာ မရရှိနိုင်ခဲ့တာတွေနဲ့ အဲ့ဒီဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာဖို့ အချိန်အတန်ကြာ ရုန်းကန်နေခဲ့ရပါသေးတယ်။ ဒါဟာ သူ ကစားခွင့် မရတဲ့ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့တွေ နွေတုန်းကလည်း သူ့ကို အငှားချဖို့ စီစဉ်ခဲ့ပါသေးတယ်။”

“ဒါပေမယ့်လည်း ဒါတွေက စီစဉ်ထားသလို ဖြစ်မလာခဲ့ဘူး။ အဲ့ဒီနောက်မှာတော့ သူ့မှာ ပွဲကစားခွင့်တွေ အနည်းငယ် ရလာခဲ့တယ်။ ဒါပေမယ့်လည်း သူ့နေရာမှာက တခြား ကစားသမားတွေလည်း ရှိနေသလို ပြိုင်ဆိုင်မှုကလည်း မြင့်မားလွန်းတာကြောင့် သူ့အတွက် ခက်ခဲခဲ့ရပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version