မနေ့ညက ဗီလာပတ်ခ်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ရာသီကြိုခြေစမ်းပွဲအတွင်းမှာ ယူနိုက်တက်အသင်းဘက်က ကွင်းလယ်ကစားသမားသစ် ဒွန်နီဗန်ဒီဘိခ်နဲ့ ရှက်ဖီးယူနိုက်တက်နဲ့ အငှားစာချုပ် ပြည့်သွားလို့ အသင်းဆီ ပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ ဂိုးသမားဒင်းဟန်ဒါဆန်တို့ကို ထည့်သွင်းအသုံးပြုလာခဲ့ပေမယ့် ယူနိုက်တက်က ဗီလာအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ကပ်ပြီးအရေးနိမ့်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ ဗီလာနဲ့ခြေစမ်းပွဲအတွင်းမှာ ဒင်းဟန်ဒါဆန် ဒါလော့ ဖိုဆူမန်ဆာ မက်ဂွိုင်းယား လုခ်ရှော တွမ်မီနေး ဗန်ဒီဘိခ် ရပ်ဖိုဒ့် လင်ဂတ် ဒင်နီရယ်ဂျိမ်းစ် အီဂါလိုတို့နဲ့ ပွဲထွက်လာခဲ့သလို ဒုတိယပိုင်းမှာလည်း အကယ်ဒမီထွက် လူငယ်ကစားသမားတွေကို နေရာပေးခဲ့ပါတယ်။ အသင်းနဲ့အတူ ပါဝင်ကစားခဲ့တဲ့ ဗန်ဒီဘိခ်နဲ့ ဒင်းဟန်ဒါဆန်တို့နဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားက “ဒင်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမားတစ်ယောက်ဖြစ်သင့်တဲ့ ပုံစံမျိုးနဲ့ကို ကစားပြသွားခဲ့တယ်။ ဒွန်နီကတော့ ကစားသမားတွေအားလုံးထဲမှာ အကြီးမားဆုံးအကျိုးပြုခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်”

“သူက နေရာလွတ်တွေကို ရှာဖွေနိုင်တယ်။ အခွင့်အရေးတွေကိုလည်း ဖန်တီးနိုင်တယ်။ ချိန်သားကိုက်မှုနဲ့ ရွှေ့လျားမှုတွေလည်း အရမ်းကောင်းတယ်။ သူရဲ့စွမ်းဆောင်ရည်တွေကို မြင်တွေ့ရတာ ကျွန်တော်အရမ်းဝမ်းမြောက်မိပါတယ်။ အပြုသဘောဆောင်တဲ့ အသင်းလိုက်စွမ်းဆောင်ရည်တွေနဲ့ တစ်ဦးချင်းစွမ်းရည်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒင်းကလည်း သူက ယူနိုက်တက်ရဲ့ဂိုးပေါက်မှာ တာဝန်ယူနိုင်လောက်တဲ့ ပုံစံကောင်းမျိုးကို ပြသနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာလည်း မန်ဂျီဝင်ရောက်လာပြီးနောက်ပိုင်း အသင်းက ပိုမိုကောင်းမွန်လာတယ်။ သူက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့အသင်းက ပထမပိုင်းမှာ ကစားပုံကောင်းမွန်ခဲ့ပြီး အခွင့်အရေးတွေကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ အရေးအကြီးဆုံးအရာကတော့ တန်ဖိုးရှိလှတဲ့ အချိန်တွေပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီခြေစမ်းပွဲက ကျွန်တော်တို့အသင်းအတွက် ထူးထူးဆန်းဆန်း ဖြစ်နေလို့ပါ။ ကစားသမားတွေကတော့ အစောပိုင်းကာလဖြစ်နေတဲ့အတွက် ကြိုးစားအားထုတ်မှုအပိုင်းမှာတော့ အနည်းငယ်လျော့နည်းနေတယ်။ အရှုံးရလဒ်က စိတ်ပျက်စရာဆိုပေမယ့် ဒီပွဲရလဒ်က အရေးတော့မကြီးပါဘူး” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။