နယ်သာလန် ထိပ်သီးကလပ် အေဂျက်နဲ့ နယ်သာလန်တို့ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဗန်ဘက်စတန်က အေဂျက်ကနေ ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ဆီ ပြောင်းရွှေ့ ကစားဖို့ နီးစပ်နေတဲ့ ဗဟိုနောက်ခံလူ တင်းဘားဟာ ယခု နွေဈေးကွက်အတွင်းမှာ အာဆင်နယ်ဆီ မပြောင်းပဲ အေဂျက်မှာသာ နောက်ထပ် ၁ရာသီ ထပ်ကစားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုနောက်ခံလူ တင်းဘားက အေဂျက်ရဲ့ နာမည်ကျော် ယိုဟန်ခရိုက်ဖ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး တင်းဘားဟာ ၂၀၂၂ခုနှစ် နွေရာသီဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့ပေမယ့် အေဂျက်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။

Photo Credit: The Sun

တင်းဘားက ၂၀၂၂ခုနှစ် နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းပဲ အေဂျက်မှာ ဆက်ကစားခဲ့ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်က မှားယွင်းတဲ့ ဆုံးဖြတ်ချက် တခု ဖြစ်ခဲ့ပြီး တင်းဘားဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ အေဂျက်နဲ့အတူ ဆုဖလား အောင်မြင်မှုတွေ မရခဲ့ပဲ တဖက်မှာတော့ သူ့အစား မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားတဲ့ အသင်းဖော်ဟောင်း မာတီနက်ဇ်ကတော့ ကွင်းတွင်း ၊ ကွင်းပြင် အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ တင်းဘားက ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာ တုံ့ဆိုင်းနေခြင်း မရှိပဲ လက်ခံခဲ့ပြီး လက်ရှိမှာတော့ အာဆင်နယ်က အေဂျက်နဲ့ တင်းဘားအတွက် ပြောင်းရွှေ့ကြေးကို စတင် ညှိနှိုင်းနေပါတယ်။

Photo Credit: Metro

တင်းဘားက အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူထားပေမယ့် အေဂျက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဗန်ဘက်စတန်ကတော့ တင်းဘားကို အေဂျက်မှာ နောက်ထပ် ၁ရာသီ ဆက်ကစားဖို့ တိုက်တွန်းလိုက်ပြီး ဗန်ဘက်စတန်က တင်းဘားဟာ အာဆင်နယ်မှာ အထီးကျန်မှုတွေကို ခံစားရလိမ့်မယ်လို့ သတိပေးသွားခဲ့ပါတယ်။

ဗန်ဘက်စတန်က – “တင်းဘားက ပွဲထွက်ခွင့် ရဖို့ သေချာတဲ့ အသင်းမျိုးဆီ ပြောင်းသင့်တာပါ။ သူက ပုံမှန် ပွဲထွက်ခွင့် ရမယ့် အပြင် သူ့ကို အရေးပါတဲ့ ကစားသမားလို့ သတ်မှတ်မယ့် အသင်းဆီ ပြောင်းရပါမယ်။ သူက အေဂျက်မှာ ပုံမှန် ကစားခွင့် ရနေသလို အရေးပါတဲ့ ကစားသမားလည်း ဖြစ်နေတာကြောင့် အသင်းပြောင်းတဲ့ အချိန်မှာ အဲ့ဒီနှစ်ချက်ကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ပြီးတော့ အသင်းသစ် တသင်းဆီ ပြောင်းတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ အတွက်ပါ ထည့်သွင်း စဉ်းစားဖို့ လိုပါမယ်။ တကယ်လို့ ခင်ဗျားက အသင်းသစ် တသင်းဆီ ပြောင်းတဲ့ အချိန်မှာ ကိုယ့်ရဲ့ လက်တွဲဖော်ကို တခါထဲ ခေါ်သွားလို့ မရဘူး ဆိုရင် အဲ့ဒီအပြောင်းအရွှေ့ကို မလုပ်သင့်ပါဘူး။ ကျွန်တော်ကတော့ အဲ့ဒီလို အပြောင်းအရွှေ့မျိုးကို ကန့်ကွက်ပါတယ်။ တကယ်လို့ ကိုယ်က အသင်းသစ် တသင်းဆီ ပြောင်းပြီးမှ အဲ့ဒီအသင်းက ကိုယ့်ကြောင့် မတိုးတက်လာဘူး ဆိုရင် ရှိရင်းစွဲ ကစားသမားတွေက ကိုယ့်ကို အဖတ်လုပ်တော့မှာ မဟုတ်ပါဘူး။ ဒါဆိုရင် ကစားသမားတွေက အထီးကျန်မှုကို ခံစားရပါလိမ့်မယ်။ အာဆင်နယ်မှာ တင်းဘားထက် ပိုကောင်းတဲ့ နောက်ခံလူ ဆိုတာ မရှိပါဘူး။ ဒါကြောင့် သူ့ကို ဆွဲတင်ပေးမယ့်လူ မရှိသလို သူကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်ကတော့ သူ့ကို အေဂျက်မှာ နောက်ထပ် ၁ရာသီ ထပ်ကစားဖို့ အကြံပေးချင်ပါတယ်။ တကယ်လို့ လာမယ့်ရာသီမှာသာ တင်းဘားက အေဂျက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြနိုင်ရင် အသင်းပြောင်းဖို့ အချိန်တန်ပြီလို့ သတ်မှတ်လို့ ရပါပြီ” ဆိုပြီး တင်းဘားကို အကြံပေးသွားခဲ့တာပါ။