ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ အေဂျက်နဲ့ အေစီမီလန်တို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၃ကြိမ် အထိ ရယူထားနိုင်ဖူးတဲ့ နယ်သာလန် ဂန္တဝင် တိုက်စစ်မှူးကြီး ဗန်ဘက်စတန်ကတော့ အာဂျင်တီးနားရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမား နှစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီယေဂို မာရာဒိုနာနဲ့ လီယွန်နယ် မက်ဆီတို့ နှစ်ဦးအနက် မာရာဒိုနာက မက်ဆီထက် ပိုပြီး ကြီးကျယ် ခမ်းနားတဲ့ ကစားသမားပါလို့ ချီးကျူးသွားခဲ့ပါတယ်။

ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဘုရားပေးတဲ့ လက်ပိုင်ရှင် ဒီယေဂို မာရာဒိုနာနဲ့ ပီအက်စ်ဂျီ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီတို့က အာဂျင်တီးနား ဘောလုံးအသင်းရဲ့ သမိုင်းမှာတင်မကပဲ ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမား စာရင်းထဲတောင် ပါဝင်နေတဲ့ ဂန္တဝင် တိုက်စစ်မှူးတွေပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဒီယေဂို မာရာဒိုနာနဲ့ လီယွန်နယ် မက်ဆီတို့ နှစ်ဦးစလုံးက နိုင်ငံတူ ကစားသမားတွေ ဖြစ်နေတာကြောင့် သူတို့နှစ်ဦးမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတဲ့ မေးခွန်းက အာဂျင်တီးနား နိုင်ငံသားတွေရဲ့ ကြားမှာ အတော်လေး ခေတ်စားတဲ့ မေးခွန်းတခုပါ။

လူအမျိုးမျိုး ၊ စိတ်အထွေထွေ ဆိုတဲ့ စကားအတိုင်း မာရာဒိုနာက မက်ဆီထက် ပိုကောင်းတယ်လို့ ပြောတဲ့ ပရိသတ်တွေ ရှိသလို မက်ဆီက မာရာဒိုနာထက် ပိုကောင်းတယ်လို့ ယုံကြည်တဲ့ ပရိသတ်တွေလည်း အမြောက်အမြား ရှိနေပြီး နယ်သာလန် ဂန္တဝင် တိုက်စစ်မှူးကြီး ဗန်ဘက်စတန်ကတော့ မက်ဆီက ထိပ်တန်း ကစားသမား တဦး ဖြစ်ပေမယ့် မာရာဒိုနာက မက်ဆီထက် ပိုပြီး ကြီးကျယ်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Marca

ဗန်ဘက်စတန်က – “ကျွန်တော့်အတွက် ပီလီ ၊ မာရာဒိုနာနဲ့ ဂျိုဟန်ခရိုက်ဖ်တို့က ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံး ကစားသမား ၃ဦးပါ။ မက်ဆီကလည်း မှော်ဆန်တဲ့ ကစားသမား တဦးပါပဲ။ ဒါပေမယ့် မာရာဒိုနာက မက်ဆီထက် အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်း ပိုမြင့်ပါတယ်။ မက်ဆီက တိုက်ပွဲတပွဲနဲ့ ကြုံတွေ့ရပြီ ဆိုရင် အရှေ့ကနေ မားမားမတ်မတ် ရပ်တည်တတ်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။