ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ဘယ်နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဗန်အန်ဟော့ဟာ လတ်တလော မှာ ရေပန်းစားနေတဲ့ အငြင်းအခုံ တစ်ခုဖြစ်တဲ့ မန်ယူနိုက်တက် အသင်းရဲ့ ညာနောက်ခံလူ ဘစ်စကာနဲ့ လီဗာပူးအသင်းရဲ့ ညာနောက်ခံလူ အာနိုးလ်တို့ကြားမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲဆိုတဲ့ အငြင်းအခုံအပေါ် သူ့ရဲ့ အမြင်ကို အင်တာဗျူးတစ်ခုမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ဘစ်စကာနဲ့ အာနိုးလ်ဟာ သက်တူရွယ်တူ ကစားသမားနှစ်ဦး ဖြစ်သလို နှစ်ဦးစလုံးဟာ မတူညီတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတာကြောင့် ဘောလုံးသုံးသပ်သူတွေ ကြားထဲမှာ နှိုင်းယှဉ်ကာ ဝေဖန်မှုတွေ ပြုလုပ်ခံနေရသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးထဲမှာ ဘယ်သူက ပိုကောင်းတဲ့ ညာနောက်ခံလူလဲဆိုတာ ပြောရခက်နေပါတယ်။

Photo Credit: Transfer Market.com

လီဗာပူးအသင်းရဲ့ ညာနောက်ခံလူ ဖြစ်တဲ့ အာနိုးလ်ဟာ တိုက်စစ်လိုက်ပါမှုအပိုင်းမှာ ကမ္ဘာ့အဆင့် ခံစစ်မှူး အဖြစ် သတ်မှတ်ခံထားရသလို မန်ယူအသင်းရဲ့ ဘစ်စကာဟာလည်း ပင့်ကူခြေထောက်လို့ နာမည်ကြီးတဲ့အထိ ပရီးမီးယားလိဂ်မှာ ဘောလုံးဖျက်ထုတ်မှုများစွာကို အောင်မြင်အောင် စွမ်းဆောင်ပြထားနိုင်သူပါ။ ဒါ့ကြောင့် သူတို့နှစ်ဦးရဲ့ကြားမှာ ဘယ်သူက ပိုပြီး ကောင်းတဲ့ ကစားသမားလဲဆိုတာကို ဝေခွဲရခက်နေပြီး ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ဘစ်စကာနဲ့အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ ဗန်အန်ဟော့ကတော့ ဘစ်စကာဟာ အာနိုးလ်ထက် ပိုပြီးတော့ ရင်ဆိုင်ရခက်ခဲတဲ့ ကစားသမား ဖြစ်ကြောင်းကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit: Transfer Market.com

ဘစ်စကာဟာ အာနိုးလ်ထက် ပိုပြီး ရင်ဆိုင်ရ ခက်ခဲတဲ့ ကစားသမား ဖြစ်ကြောင်းကို ဗန်အန်ဟော့က ” ခံစစ်ပိုင်းမှတော့ ဘစ်စကာက ပိုပြီးတော့ ကောင်းပါတယ်။ သူဟာ မယုံကြည်နိုင်လောက်အောင် ကောင်းတဲ့ ကစားသမား တစ်ဦးပါ။ ခံစစ်ပိုင်းမှာတော့ ဘစ်စကာက အာနိုးလ်ထက် ပိုပြီးတော့ ကောင်းပါတယ်။ ဟုတ်ပါတယ်။ တိုက်စစ်ပိုင်းမှာတော့ အာနိုးလ်က ပိုပြီး ကောင်းပါတယ်။ ဒါပေမယ့် ခင်ဗျားသာ ဇာဟာကို ဘစ်စကာနဲ့ အာနိုးလ်မှာ ဘယ်သူနဲ့ နေ့တိုင်း ရင်ဆိုင် ကစားချင်လဲလို့ မေးရင်တော့ ဇာဟာက အာနိုးလ်ကို ရွေးချယ် မှာ သေချာပါတယ် ” လို့ ပြောဆိုသွားခဲ့တာပ​ဲ ဖြစ်ပါတယ်။