စပိန်လာလီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဘီလ်ဘာအိုရဲ့ နည်းပြဖြစ်သူ ဗယ်ဗာဒီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာကို အဝေးကွင်းမှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရှုံးပေးခဲ့ရပြီးနောက် ဘာစီလိုနာနည်းပြ ဇာဗီရဲ့ နည်းစနစ်တွေက သူ့ရဲ့ နည်းစနစ်တွေထက် ပိုကောင်းခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ဘီလ်ဘာအိုတို့က စပိန်လာလီဂါ ပွဲစဉ်(၁၁) အဖြစ် ဘာစီလိုနာရဲ့ အိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အိမ်ရှင် ဘာစီလိုနာက ဧည့်သည် ဘီလ်ဘာအိုကို ပွဲစပွဲဆုံး ဖိအားပေး ကစားသွားနိုင်ခဲ့ပြီး အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဒမ်ဘီလီရဲ့ ခြေစွမ်းကောင်းတွေနဲ့အတူ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit: Sports Max

ဘာစီလိုနာက ခါတိုင်း ပွဲစဉ်တွေမှာ ၄-၃-၃ ကစားကွက်ကို အခြေခံကာ ကစားလေ့ ရှိပေမယ့် ကွင်းလယ်ပိုင်းမှာ လုပ်အားနှုန်း ကောင်းမွန်တဲ့ ဘီလ်ဘာအိုနဲ့ တွေ့ဆုံတဲ့ ပွဲစဉ်မှာတော့ ၄-၄-၂ ကစားကွက်ကို တည်ကာ ကစားသွားခဲ့ပြီး ဘက်စ်ကွက်နဲ့ ဒီဂျောင်တို့ရဲ့ ကွင်းလယ်အထိုင် ၊ ဂါဗီနဲ့ ပီဒရီတို့ရဲ့ ဖန်တီးနိုင်စွမ်း ၊ ဒမ်ဘီလီရဲ့ တကိုယ်တော် တိုးအားနဲ့ လီဝမ်ဒေါစကီးရဲ့ အဆုံးသတ်တို့ ပေါင်းစပ်လိုက်ချိန်မှာတော့ ဧည့်သည် ဘီလ်ဘာအိုဟာ ဘာစီလိုနာကို ယှဉ်ကစားနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာက ဘီလ်ဘာအိုကို သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ အတွက် သွင်းဂိုးတွေကိုတော့ ဒမ်ဘီလီ ၊ ရော်ဘတ်တို ၊ လီဝမ်ဒေါစကီးနဲ့ ဖာရန်း တောရက်စ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ အသင်းဟောင်း ဘာစီလိုနာကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီးနောက် ဘီလ်ဘာအိုနည်းပြ ဗယ်ဗာဒီက ဘာစီလိုနာနည်းပြ ဇာဗီရဲ့ နည်းစနစ်ပိုင်း ကြွယ်ဝမှုကို ချီးကျူးသွားခဲ့ပြီး ဇာဗီရဲ့ ပီဒရီကို ဘယ်တောင်ပံ ပို့ကာ ကစားစေခဲ့တဲ့ နည်းဗျူဟာက သူ့ရဲ့ ကစားကွက်ကို ဖျက်ဆီးပစ်ခဲ့တယ်လို့လည်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Sports Max

ဗယ်ဗာဒီက – “ဇာဗီရဲ့ နည်းစနစ်ပိုင်းက တကယ်ကို ကောင်းခဲ့ပါတယ်။ သူက ဒီနေ့ပွဲမှာ ကွင်းလယ်လူ ၄ယောက် အထိ ထုတ်သုံးခဲ့ပြီးတော့ ပီဒရီကိုလည်း ဘယ်တောင်ပံဆီ ပို့ခဲ့ပါတယ်။ အဲ့ဒီ နည်းဗျူဟာက ကျွန်တော်တို့ရဲ့ ကစားကွက်ကို အတော်လေး ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ ဇာဗီရဲ့ နည်းစနစ်တွေက ကျွန်တော့်ရဲ့ နည်းစနစ်တွေထက် ပိုကောင်းခဲ့ပါတယ်” လို့ ဝန်ခံသွားခဲ့တာပဲ ဖြစ်ပါတယ်။