ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ ၊ အင်တာမီလန်နဲ့ အေစီမီလန်တို့လို ဥရောပ ထိပ်သီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး ရော်နယ်ဒို ပိုင်ဆိုင်တဲ့ ဗယ်လာဒိုးလစ်က ယခု နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ လမ်းခွဲထားတာကြောင့် အသင်းလက်မဲ့ ကစားသမားတွေ ဖြစ်နေကြတဲ့ ဒန်နီ အဲလ်ဗက်နဲ့ မာဆယ်လိုတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ထာဝရ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်တဲ့ ရော်နယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ ဗယ်လာဒိုးလစ်ရဲ့ ရှယ်ယာ ၈၁ ရာခိုင်နှုန်းကို ဝယ်ယူကာ အသင်းပိုင်ရှင် အဖြစ် စတင် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး ရော်နယ်ဒိုရဲ့ လက်အောက်မှာ ဗယ်လာဒိုးလစ်ဟာ ဆီဂန်ဒါပြိုင်ပွဲရဲ့ အဆင့်၂နေရာကို သိမ်းပိုက်နိုင်ခဲ့ကာ လာလီဂါပြိုင်ပွဲဆီ တန်းတက်လာနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဗယ်လာဒိုးလစ်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းအတွက် အားကိုးရမယ့် ကစားသမားသစ်တွေကို ခေါ်ယူရင်း လာမယ့်ရာသီ အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ရော်နယ်ဒိုကတော့ သူ့ရဲ့ အသင်းဆီ ဘရာဇီးလ် ဂန္တဝင် ကစားသမားတွေ ဖြစ်ကြတဲ့ အဲလ်ဗက်နဲ့ မာဆယ်လိုတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

လက်ရှိအချိန်မှာ အသက် ၃၉နှစ် အရွယ် ဘရာဇီးလ် ဝါရင့် ညာနောက်ခံလူ ဒန်နီ အဲလ်ဗက်နဲ့ အသက် ၃၄နှစ် အရွယ် ဘရာဇီးလ် ဝါရင့် ဘယ်နောက်ခံလူ မာဆယ်လိုတို့ဟာ အသင်းလက်မဲ့ ကစားသမားတွေ ဖြစ်နေကြပြီး ဗယ်လာဒိုးလစ်က သူတို့ကို ခေါ်ယူချင်ရင် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

Photo Credit: Marca

အလ်ဗက်နဲ့ မာဆယ်လိုတို့က ယခုအချိန်မှာ ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်နေကြပေမယ့် နှစ်ဦးစလုံးဟာ ပါဝင် ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်နေဆဲ ဖြစ်သလို သူတို့နှစ်ဦးရဲ့ ဦးဆောင်မှုနဲ့သာ ဆိုရင် ဗယ်လာဒိုးလစ်ရဲ့ ကစားသမားတွေလည်း ခြေစွမ်းပိုင်း တိုးတက်မှုတွေ ရလာနိုင်ပါတယ်။

ဗယ်လာဒိုးလစ်ရဲ့ အသင်းပိုင်ရှင် ရော်နယ်ဒိုကတော့ သူနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ရှိတဲ့ အဲလ်ဗက်နဲ့ မာဆယ်လိုတို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေပြီး မာဆယ်လိုနဲ့ အဲလ်ဗက်တို့ကလည်း ဗယ်လာဒိုးလစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ UOL Sports သတင်းဌာနက ဖော်ပြထားပါတယ်။