ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အီကွေဒေါအသင်းတို့ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဗလင်စီယာကတော့ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ အီကွေဒေါ လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ကိုင်စီဒိုအား မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် အီကွေဒေါ လက်ရွေးစင် လူငယ် ကွင်းလယ်ကြယ်ပွင့် ကိုင်စီဒိုက ၂၀၂၁ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ အီကွေဒေါကလပ် အင်ဒီပန်ဒီယန်တေ ကနေ ဘရိုက်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ရာသီဝက်မှ စတင်ကာ ဘရိုက်တန်မှာ ပုံမှန် ပွဲထွက်ခွင့် ရရှိနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ကိုင်စီဒိုက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားလေ့ ရှိသူ တဦး ဖြစ်ပြီး သူ့ရဲ့ လုပ်အားနှုန်း ကောင်းမွန်မှု ၊ ဘောလုံးပေးပို့ရာမှာ တိကျမှုနဲ့ ဘောလုံးအဖျက် ကောင်းမွန်မှုတို့ကြောင့်ပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့်တွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရကာ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ဟာ သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

ဒါကြောင့်ပဲ မကြာခင်မှာ ကိုင်စီဒိုဟာ ဘရိုက်တန်ကို စွန့်ခွာပြီး ပရီးမီးယားလိဂ် အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ ကစားလိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေကာ အီကွေဒေါရဲ့ ဂန္တဝင် ကစားသမားကြီး ဗလင်စီယာကတော့ ကိုင်စီဒို တယောက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ မျှော်လင့်မိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ဗလင်စီယာက – “ကိုင်စီဒိုက အလားအလာ ရှိတဲ့ လူငယ် ကစားသမား တဦးပါ။ ဒါကြောင့် ကျွန်တော်က သူ့ကို ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်းမှာ ကစားခွင့် ရမယ့် လူငယ်ကြယ်ပွင့်လို့ ထင်ပါတယ်။ သူက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်တဲ့ ကောင်လေး တယောက် ဖြစ်သလို ကြီးကျယ်တဲ့ ကစားသမား တယောက် ဖြစ်လာဖို့ မွေးဖွားလာသူပါ။ ဒါကြောင့် ကျွန်တော်ကတော့ သူ့ကို မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်” ဆိုပြီး အကြံပေးစကား ပြောကြားသွားခဲ့တာပါ။