စပိန်လာလီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဗလင်စီယာအသင်း ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ် အသင်းကို ပင်နယ်တီသူခိုးတွေလို့ စွပ်စွဲ ဝေဖန်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗလင်စီယာအသင်းတို့ဟာ လာလီဂါ ပွဲစဉ်(၂၀) အဖြစ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ ရီးရဲလ်မက်ဒရစ် အသင်းက ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Marca

အဆိုပါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အသင်းက ရရှိသွားတဲ့ အဖွင့်ဂိုးနဲ့ ပတ်သတ်ပြီး အငြင်းပွားမှုတွေ ရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်း အတွက် အဖွင့်ဂိုးကို တိုက်စစ်မှူး ဘန်ဇီမာက ကွင်းလယ်လူ ကတ်စမဲရိုးကြောင့် ရခဲ့တဲ့ ပင်နယ်တီ ကနေ တဆင့် သွင်းယူပေးခဲ့တာပါ။

ကတ်စမဲရိုးဟာ ဘောလုံးနဲ့အတူ ဗလင်စီယာအသင်းရဲ့ ဂိုးဧရိယာအတွင်း ဝင်ရောက်ဖို့ ကြိုးစားရာမှ လဲကျသွားရာ ကနေ ပင်နယ်တီ ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ပင်နယ်တီဖြစ်စဉ်မှာ ဗလင်စီယာအသင်းရဲ့ နောက်ခံလူတွေထဲက တယောက်ကမှ ကတ်စမဲရိုးနဲ့ ထိမိခြင်း မရှိပေမယ့် ကွင်းလယ်ဒိုင် ကတော့ ပင်နယ်တီ အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ကွင်းလယ်ဒိုင်ရဲ့ ပင်နယ်တီ ပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ဗလင်စီယာအသင်းရဲ့ ကစားသမားတွေ ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းရဲ့ တာဝန်ရှိသူတွေက အတော်လေး စိတ်ဆိုး ဒေါသထွက်နေကြပြီး ဗလင်စီယာအသင်းဟာ အသင်းရဲ့ တရားဝင် လူမှုကွန်ယက် စာမျက်နှာ ကနေ တဆင့် ရီးရဲလ်မက်ဒရစ် အသင်းကို ပင်နယ်တီသူခိုးလို့ စွပ်စွဲတဲ့ အထိ ပြဿနာ တက်ခဲ့ကြပါတယ်။

ဗလင်စီယာအသင်းက နာမည်ကျော် စပိန်ငွေခိုး ဇာတ်ကားတခု ဖြစ်တဲ့ Money Heist ဇာတ်ကားရဲ့ တရားဝင် လူမှုကွန်ယက် စာမျက်နှာကို Tagတွဲပြီး “မက်ဒရစ်မြို့ထဲမှာ ခိုးယူမှုတွေ (ပင်နယ်တီ ခိုးယူမှု) တခါပြီး တခါ ဖြစ်နေပြီဟေ့” လို့ ရေးသား ဖော်ပြခဲ့တာ ဖြစ်ကာ ဘာစီလိုနာအသင်းရဲ့ နောက်ခံလူ ဂျာရတ် ပီကေးကလည်း ဗလင်စီယာအသင်းရဲ့ ရေးသားမှုကို “တိတ်တိတ်နေဟ။ ကျယ်ကျယ်ပြောမိရင် ဒဏ်ရိုက်ခံနေရမယ်” ဆိုပြီး ဝင်ရောက် မှတ်ချက်ပေးခဲ့ပါသေးတယ်။